အိန္ဒိယကုန်သည်များက မတ်ပဲနှင့် ပဲစင်းငုံအဝယ်ရှိနေသော်လည်း ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
အိန္ဒိယအစိုးရကပဲတင်သွင်းခွင့်လိုင်စင်များကို အိန္ဒိယကုန်သည်များအား စတင်ချထားပေးသော်လည်းကုန်သည်များကဈေးထိန်းဝယ်ယူမှုကြောင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းတည်ငြိမ်နေကြောင်း ၎င်းကပြောခဲ့ပါသည်။
လက်ရှိ အိန္ဒိယကုန်သည်များက တစ်ပတ်လျှင် မတ်ပဲ တန် ချိန် ၅,၀၀၀၊ ပဲစင်းငုံတန်ချိန် ၂,၀၀၀ ပုံမှန်ဝယ်ယူနေသည်။ ထ့ိုအပြင်ပဲတီစိမ်းကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းကြောင့် ပဲတီစိမ်းသည်ပြည်တွင်း၌ ဈေးအကောင်းဆုံးဖြစ်ကြောင်း ပဲကုန်သည်အချို့ကပြောခဲ့သည်။
ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ်လေးသိန်းရှစ်သောင်း၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်ငါးသိန်းငါးသောင်း နှင့် ပဲတီစိမ်းတစ်တန်လျှင် ကျပ် ဆယ့်နှစ်သိန်းခန့် ဈေးရှိကြောင်း ဘုရင့်နောင်ပဲကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးကပြောခဲ့ပါသည်။
မြန်မာနိုင်ငံမှ ပဲတင်သွင်းမည့် အိန္ဒိယကုမ္ပဏီများကို အိန္ဒိယအစိုးရက ဇွန်လဆန်းတွင် လိုင်စင်ချပေးရန်စီစဉ်ထားသော်လည်း ဇွန်လ ပထမပတ်အထိ လိုင်စင်ချထားပေးခြင်းမရှိသဖြင့် ပြည်တွင်း၌ ပဲသိုလှောင်ထားသည့် ကုန်သည်များက စိုးရိမ်ခဲ့သည်။
သို့သော် ဇွန်လ ဒုတိယအပတ်အတွင်း အိန္ဒိယအစိုးရက ကုန်သည်များသို့ ပဲတင်သွင်းခွင့် စတင်ချထားပေးသဖြင့် မကြာမီ ပြည်တွင်းမှ မတ်ပဲနှင့် ပဲစင်းငုံ ရောင်းလိုအားမြင့်တက်လာမည် ဟု ကုန်သည်အချို့က မျှော်လင့်နေသည်။
7 Day Daily