ဆက်တိုက်မြင့်တက်လာတဲ့ မတ်ပဲနှင့် ပဲစင်းငုံဈေး


05 April, 2019

အိန္ဒိယနိုင်ငံက ပဲတင်သွင်းမယ့် ခွဲတမ်းကြေညာချက် ထွက်ပေါ်လာပြီးတဲ့နောက် ပြည်တွင်းဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံ ဝယ်လိုအား ပြန်လည်မြင့်တက်လာပါတယ်။

အထွက်နှုန်းလျော့နည်းပြီး သိုလှောင်လိုသူများ ဝယ်လိုအား ပြန်လည်မြင့်တက်ခြင်း၊ အိန္ဒိယကုန်သည်များက ဝယ်ယူရန် ပြင် ဆင်နေခြင်းတွေကြောင့် ပြည်တွင်းဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးကို ပြန်လည်မြင့်တက်စေတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။ ‘‘ဝယ်လိုအား များလာလို့ ဈေးကတက်လာတဲ့သဘောပါ’’ လို့  ဦးမင်းကိုဦးက ပြောပါတယ်။

လက်ရှိ ဧပြီလဆန်းရက်များတွင် ပြည်တွင်းဈေးကွက်မှာ မတ်ပဲတစ်တန် ကျပ်ခုနစ်သောင်းခွဲ၊ ပဲစင်းငုံတစ်တန် ကျပ်ကိုးသောင်းခန့် ဈေးတက်လာတယ်လို့ ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ပြည်တွင်းဈေးကွက်မှာ မတ်ပဲတစ်တန် ကျပ်ခြောက်သိန်းရှစ်သောင်းမှ ကျပ်ခုနစ်သိန်းခွဲ၊ ပဲစင်းငုံတစ်တန်ကို ကျပ်ခုနစ် သိန်းလေးသောင်းမှ ကျပ်ရှစ်သိန်းသုံးသောင်းအထိ ဈေးတက်ခြင်း ဖြစ်ပါတယ်။

ပဲတင်သွင်းခွင့် နှစ်လကြာ ပိတ်ထားတဲ့ အိန္ဒိယအစိုးရက မတ်လ ၂၉ ရက်မှာ ပြည်ပမှ ပဲတင်သွင်းဖို့ ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

အိန္ဒိယအစိုးရမှ ၂၀၁၉ ဧပြီ ၁ ရက်မှာ စတင်တဲ့ဘတ်ဂျက်နှစ်အတွက် ပြည်ပမှ မတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန်တစ်သိန်းခွဲ၊ ပဲစင်းငုံ တန် ချိန်နှစ်သိန်း တင်သွင်းမယ်လို့  ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အိန္ဒိယအစိုးရဲ့ ပြည်ပမှ ပဲတင်သွင်းမယ့် အစီအစဉ်ကို စောင့်မျှော်နေတဲ့ ပြည်တွင်းပဲကုန်သည်များက ၂၀၁၈ နဲ့ တန် ချိန်ပမာဏတူနေခြင်းကို အားရမှုမရှိဘူးလို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

7Day Daily

Local News Export, Import Read 1189 times