ကွမ်းယာဆိုင်များကို လိုင်စင်ထုတ်ပေးရန် ဆွေးနွေး


09 October, 2018

ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများထိန်းချုပ်ရန်အတွက် ကွမ်းယာဆိုင်များကို လိုင်စင်ထုတ်ပေးရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ပြောသည်။


အောက်တိုဘာ ၈ရက်တွင် ပြုလုပ်သည့် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေး လူထုအသိပညာပေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဒီပစ္စည်းတွေကို လွယ်လင့်တကူရနေတာကို ထိန်းချုပ်ရမှာဖြစ်ပါတယ်။ ကွမ်းယာဆိုင်တွေ မှိုလို ပေါက်နေလို့ရှိရင် ဈေးနှုန်းသက်သာနေလို့ရှိရင် လွယ်လွယ်ရနေမှာဖြစ်တဲ့အတွက် ထိန်းချုပ်ရမယ်။ လွယ်လင့်တကူမရမှ ပြတ်မှာဖြစ်ပါတယ်။ ကွမ်းယာသုံးစွဲမှုက မြင့်တက်နေတယ်။ ဆိုင်တွေကလည်း ပိုပိုများလာတယ်။ ဒါကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ မြို့တော်စည်ပင်က လိုင်စင်ထုတ်ပေးမယ်ဆိုရင် ထိန်းချုပ်လို့ရတယ်။ စားသောက်ဆိုင်တွေ ဘီယာဆိုင်တွေကို လိုင်စင်ထုတ်ပေးသလိုမျိုး လုပ်မလားဆိုတာကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။" ဟု ၎င်းက ပြောသည်။

ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ စားသုံးမှုလျှော့ချရေးဆောင်ရွက်နေသော်လည်း စားသုံးမှု ပိုမိုမြင့်တက်လာသည့်အပြင် လမ်းဘေးကွမ်းယာဆိုင်များအဆင့်မှ ကားများဖြင့် ရောင်းချနေသည့် အခြေအနေများရှိလာကြောင်း ၊ အချို့ကြော်ငြာများတွင် ယင်းကွမ်းယာများ ကွမ်းယာစားသုံးလျှင် ကျန်းမာရေးနှင့်ညီညွှတ်ကြောင်း ကြော်ငြာနေသည့် အနေအထားများတွေ့ ရှိနေရကြောင်း ၎င်းက ဆိုသည်။ တစ်ဖက်တွင် ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်မှုများ ပြုလုပ်လျက်ရှိပြီး ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးအသိပညာမြင့်တက်လာပါက ကွမ်းယာစားသုံးမှု လျှော့ချနိုင်မည့်အပြင် ရောဂါဖြစ်ပွားမှုနှုန်းလည်းလျော့ကျလာမည်ဖြစ်ကြောင်း ဆိုသည်။

" ဆေးလိပ်ကင်းစင်တဲ့နယ်မြေတွေလုပ်သလိုမျိုး ကွမ်းကင်းစင်တဲ့ နေရာတွေလုပ်မယ်ဆိုရင် အများကြီးအကျိုးရှိမှာပါ။ အထူးသဖြင့် လုပ်ငန်းခွင်တွေ။ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဈေးတွေ၊ စားသောက်ဆိုင်တွေမှာ ဆေးလိပ်တွေ၊ ကွမ်းတွေမစားတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ဖို့ အချိန်တစ်ခု နေရာတစ်ခုမစားဖို့ သတ်မှတ်ပေးမှ ကြုံတိုင်း ၊ အိတ်ထဲထည့်ပြီးစားနေတာထက် အချိန်ကန့်သတ်ပေးလိုက်ရင် ကျဆင်းသွားမှာပါ။" ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေးက ပြောသည်။

ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည့် အခြေအနေများရှိနေ၍ ဆက်စပ် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ လက်ရှိတွင် ဥပဒေအသက်ဝင်မှုရှိသော်လည်း ပြည်သူလူထုအနေဖြင့် ကျန်းမာရေးအသိပညာနည်းနေခြင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် ပညာပေးကာလအနေဖြင့် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူ ၆၀ဝဝဝကျော်ရှိနေပြီး အသက် ၁၅နှစ်မှအထက် အရွယ်ရောက်သူ စုစုပေါင်း၏ ၃၀ရာခိုင်နှုန်းမှာ ခံတွင်းနှင့် လည်ချောင်းကင်ဆာကို အဓိကဖြစ်ပွားစေသည့် ဆေးရွက်ကြီးငုံခြင်းနှင့် ကွမ်းစားခြင်းများကြောင့် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

အများပြည်သူနှင့် သက်ဆိုင်သည့် နေရာနှင့် လမ်းများပေါ်သို့ ကွမ်းတံတွေးထွေးခြင်း၊ ပြုလုပ်တွေ့ရှိပါက ငွေဒဏ် ကျပ်သုံးသောင်းမှ ကျပ်ငါးသောင်းအထိ ချမှတ်အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စက်တင်ဘာလက အသိပေးထုတ်ပြန်ထားသည်။

Local News Read 627 times