မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်တရားဝင်ဘဏ်များဖြင့်ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်ပြီးခဲ့သည့် သီတင်းပတ်ကဆွေးနွေးခဲ့ကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှအဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
မြန်မာ့လယ်ယာထွက်ကုန်များတရုတ်ဘက်တင်ပို့ရာတွင်ကန့်သတ်ခြင်း၊ဖမ်းဆီးခြင်း၊ထိန်းသိမ်းခြင်းများအပြင်တရားမဝင်ကုန်သွယ်မှုအနေဖြင့်လည်းစီမံချက်ချဖမ်းဆီးလုပ်ဆောင်နေမှုများကြောင့်မြန်မာကုန်သည်များဆုံးရှုံး နစ်နာလျက်ရှိကြောင်း၊ထို့ပြင်မူဆယ်ကုန်သည်တချို့၏ဘဏ်အကောင့်ပိတ်ခံရမှုဂယက်ကြောင့်နစ်နာမှုများ ဆက်တိုက်ကြုံတွေ့နေရမှုကြောင့်နှစ်နိုင်ငံကြားတရားဝင်ဘဏ်များဖြင့်ဆောင်ရွက်ပါကယင်းပြဿနာတချို့ကိုကာကွယ်ပေးရာရောက်ကြောင်းသိရသည်။
တရုတ်နိုင်ငံဘက်မှလူသုံးကုန်များ၊ယဉ်ယန္တရားများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများအစရှိသည်တို့ကိုလွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသော်လည်းယင်းနိုင်ငံမှမြန်မာ့လယ်ယာပို့ကုန်များကိုတရားမဝင်ဖြင့်ပြုလုပ်နေခြင်းများကြောင့်ဒေသနေပြည်သူများ၊ကုန်သည်လုပ်ငန်းရှင်များအပေါ်များစွာထိခိုက်နေခြင်းကြောင့်ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများအပေါ်အဓိကအကျိုးသက်ရောက်နိုင်ကြောင်းဆွေးနွေးထားသည်ဟု ကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှုးချုပ်မှပြောသည်။
ထို့ပြင်မြန်မာနိုင်ငံမှဆန်နှင့်ပြောင်းကိုခွဲတမ်းသတ်မှတ်ချက်မရှိဘဲတင်ပို့နိုင်ရေးညှိနှိုင်းစာပေးပို့လိုကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုဆောင်ရွက်ရာတွင်နိုင်ငံတကာအဖွဲ့အစည်းများ၏သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိဘဲ ချစ်ကြည်ရင်းနှီးမှုအပေါ်သာအခြေခံခြင်းဖြစ်ကြောင်း၊ အခြားနိုင်ငံများနှင့်မတူဘဲထူးခြားသည့်ကုန်သွယ်မှုကြောင့်အဓိကအရေးကြီးသည့်ဘဏ်ကိစ္စရပ်များကမြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော်လည်းတရုတ်ဘက်သို့လယ်ယာပို့ကုန်များတင်ပို့နေရခြင်းမှာဆန်ဆိုလျှင်မည့်သည့်အမျိုးအစားမဆိုဝယူခြင်း၊ကမ္ဘာ့ပေါက်ဈေးထက်ဈေးပိုမိုပေးဝယ်နေမှုများကြောင့်ရောင်းချနေရခြင်းဖြစ်ပြီး ထိုမှီခိုမှုအပေါ်အကြောင်းပြဖမ်းဆီးမှုများပြုလုပ်လာနေခြင်းကြောင့်နှစ်နိုင်ငံကုန်သည်များအကြားခိုင်မာသည့် စည်းကမ်းချက်များချမှတ်ဆောင်ရွက်သင့်ကြောင်းပြောသည်။
ကုန်သည်စက်မှုအသင်းချုပ်မှလည်းနယ်စပ်ကုန်သွယ်ရေး၏အဓိကအခန်းကဏ္ဍတစ်ရပ်တွင်ပါဝင်နေသည့်တရုတ်နိုင်ငံအစိုးရ၏ကုန်သွယ်မှုမူဝါဒကိုညှိနှိုင်းပေးရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံတင်ပြထားသည်။
ထို့ပြင်လယ်ယာပို့ကုန်များတင်ပို့ရာတွင်ချောမွေ့လွယ်ကူစေရန်လိုကြောင်း၊ ဆန်ပို့ကုန်ကိုတရားဝင်မှုအနေဖြင့် အသိမှတ်ပြုသည်အထိအလေးထားတိုက်တွန်းသွားရန်လိုအပ်ကြောင်းကုန်သည်များကအကြံပြုပြောသည်။
Source:thefarmermedia