အစိုးရနှင့် လုပ်ငန်းရှင်များကြားက အခွန်ဝိဝါဒ


19 September, 2018

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးနှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ညွှန်းကိန်းများက ညွှန်ပြနေသည်မှာ ဖွံ့ဖြိုးမှုနှုန်းတက်နေသည်သာဖြစ်သည်။

သို့သော် ပြည်တွင်းလုပ်ငန်းရှင်များ၏ ပြောဆိုချက်အများစုကိုကြည့်လျှင် မြန်မာ့စီးပွားရေးမှာ တုံ့ဆိုင်းနှေးကွေး၍ လုပ်ငန်းများ မတိုးတက်လာဟု ဆိုကြသည်။

တွေ့ဆုံဆွေးနွေး

****

ထိုသို့ အခြေအနေနှင့် မြန်မာ့စီးပွားရေး တက်သည်၊ ကျသည်ဟုသော ဝိဝါဒကွဲနေသည့်အချိန်တွင် ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးရှိန်ဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်တို့က စီးပွားရေးနယ်ပယ်ကို ကိုယ်စားပြု၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေး တင်ပြမှုများတွင် အခွန်နှုန်းထား လျှော့ချရေးအချက်က အဓိကအချက်တစ်ခုအဖြစ် ပါဝင်ခဲ့သည်။

တောင်းဆိုမှု

****

အခွန်နှုန်းထား လျှော့ချရေးနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းက လျှော့ချပေးရန် တောင်းဆိုမှုများသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံချိန်မှ ပထမဦးဆုံးပေါ်ထွက်လာသော တောင်းဆိုခြင်းမဟုတ်ဘဲ ယခင်ကလည်း အခွန်လျှော့ချရေးနှင့်ပတ်သက်၍ အစဉ်တစိုက် တောင်းဆိုမှုများ ရှိခဲ့သည်။

အထူးသဖြင့် ၂ဝ၁၈ ခုနှစ် အခွန်အကောက်ဥပဒေမူကြမ်း ထွက်ပေါ်လာချိန်တွင် လုပ်ငန်းရှင်များ၏ဆန္ဒပြည့်လုနီးပါး ဖြစ်ခဲ့သည်။၂ဝ၁၈ ပြည်ထောင်စုအခွန်အကောက်ဥပဒေမူကြမ်းတွင် စီးပွားရေးလုပ်ငန်းရှင်များ မျှော်လင့်သော အခွန်လွတ်ငြိမ်းချမ်းသာခွင့် (Tax Amnesty) နှင့် သက်ဆိုင်သော ပြဌာန်းချက်အချို့ ပါဝင်ခဲ့ပြီး အဆိုပါအချက်ကို ကုန်သည်/စက်မှုအသင်းချုပ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ကြိုဆိုထောက်ခံခဲ့ကြသည်။

အခွန်မထမ်းဆောင်ခဲ့သော ငွေများကို တစ်နှစ်တာကာလအတွင်း ဝင်ငွေခွန်သုံးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းနှုန်းဖြင့် ထမ်းဆောင်ခွင့်ပေးမည့် အခွင့်အရေးဖြစ်သည်။ အစိုးရအနေဖြင့်လည်း အခွန်မဆောင်ခဲ့သူများအတွက် နောက်ဆုံးအခွင့်အရေးတစ်ရပ်ပေးရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ အခွန်ရှောင်ငွေများ စီးပွားရေးနယ်ပယ်သို့ ဝင်ရောက်လည်ပတ်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဆိုသော ကြိုဆိုမှုများရှိသလို ဥပဒေပါအခွင့်အရေးဖြင့် ငွေကြေးခဝါချခြင်းများရှိလာမည်ဆိုသော ဝေဖန်မှုများလည်း ရှိခဲ့သည်။ နောက်ဆုံးတွင် ပြည်ထောင်စုလွှတ်တော်က အဆိုပါပြဌာန်းချက်ကို ပယ်ချ၍ ပြည်ထောင်စုအခွန်အကောက်ဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။ ယင်းကြောင့် လုပ်ငန်းရှင်တို့၏ ဆန္ဒများ မပြည့်ဝခဲ့ကြပေ။

ယခုတစ်ဖန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံချိန်တွင် လုပ်ငန်းရှင်ကြီးသုံးဦးအနက် နှစ်ဦးက အခွန်အကောက်အရေးကို အလေးထားပြောဆိုခဲ့ပြန်သည်။

အကြံပြု

****

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူဦးမောင်ဝိတ်က စီးပွားရေးပြန်လည်ကောင်းမွန်ရန် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာရန်လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှု များပြားလာစေရန် အဓိကအချက်နှစ်ချက်အဖြစ် ဘဏ်အတိုးနှုန်း လျှော့ချရန်နှင့် အခွန်နှုန်းထား လျှော့ချပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သို့ အကြံပြုခဲ့သည်။

ဝင်ငွေခွန်စည်းကြပ်ခြင်း

****

၂ဝ၁၈ ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃ဝ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်မည်ဖြစ်သည်။ အခြေပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံ တိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေကိုနုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်း တင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း ၃ဝ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ခြင်း ဖြစ်သည်။

''လုပ်ငန်းတစ်ခုကို စတင်တော့မယ်ဆိုရင် အခြေပစ္စည်းတစ်ခုကို စတင်ဝယ်ယူရပါတယ်။ အခြေပစ္စည်း ဝယ်ယူတဲ့အခါမှာ ဝယ်ယူသူအနေနဲ့ အခွန် ၃ဝ ရာခိုင်နှုန်း (စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃ဝ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ခြင်း) ဆောင်နေရတာ ရှိပါတယ်။ လုပ်ငန်းမစသေးဘဲ အခြေပစ္စည်းတစ်ခု ဝယ်ရင်၃ဝ ရာခိုင်နှုန်းဆောင်နေရတာ ဖြစ်တဲ့အတွက် ဒီအခွန်ကို ငါးရာခိုင်နှုန်းနဲ့ တစ်နှစ်၊ နှစ်နှစ်လျှော့ချပေးဖို့ တင်ပြရခြင်းဖြစ်တယ်''ဟု ဦးမောင်ဝိတ်က ပြောသည်။

အခွန်အကောက်ဥပဒေမူကြမ်း

****

လာမည့် ၂ဝ၁၈−၁၉ ဘဏ္ဍာနှစ်အတွက်ပြဌာန်းမည့် ပြည်ထောင်စုအခွန်အကောက်ဥပဒေမူကြမ်းတွင်လည်း အထူးကုန်စည်အခွန်နှုန်းထားအပေါ်တွင်သာ ပြောင်းလဲမှုရှိပြီး ဝင်ငွေခွန်နှုန်းထားများနှင့်ပတ်သက်၍မူ တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘဲ ယခင်ပြဌာန်းနှုန်းထားများအတိုင်းသာ ရေးဆွဲထည့်သွင်းထားသည်။

အခွန်နှုန်းထားများနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်တို့၏ တောင်းဆိုမှုအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်း၏သဘောထားကို အရိပ်အမြွက် ဖွင့်ဟခဲ့သည်။

ပြန်လည်ဆွေးနွေး

****

''စီးပွားရေးပညာရှင်ကြီးတချို့က အခွန်ကင်းလွတ်ပေးတာကို သိပ်သဘောမတူပါဘူး။ အခွန်ကင်းလွတ်ခွင့် သိပ်များများပေးတာဟာ နိုင်ငံစီးပွားရေးအတွက် အကျိုးမရှိဘူးလို့ အကြံပြုမှုရှိတယ်။ အစိုးရက အဘက်ဘက်နားထောင်ရတယ်၊ ချိန်ဆရတယ်။ အစိုးရအနေနဲ့ စီးပွားရေးတစ်ကွက်တည်းကိုပဲ ကြည့်လို့မရဘူး။ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ကြည့်ရုံတင်မကဘဲ ကမ္ဘာ့ရေစီးကြောင်းကိုလည်း ကြည့်ရပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဆွေးနွေးခဲ့သည်။

''စီးပွားရေးပညာရှင်တချို့က အခွန်လျှော့တာကို လက်မခံဘူးဆိုရင် အသင်းကိုယ်စား ကျွန်တော်အာမခံပြီး ပြောချင်ပါတယ်။ ဝယ်ယူသူအတွက် အခွန်နှုန်းတွေလျှော့ပြီးမှ ၂ဝ၁၉ ခုနှစ်မှာ ၂ဝ၁၈ ခုနှစ်ထက်ကို အခွန်တွေလျော့ကျသွားမယ်ဆိုရင် လိုအပ်တဲ့ ဘဏ္ဍာငွေအားလုံးကို ကျွန်တော်တို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဌတစ်ယောက်အနေနဲ့ အားလုံးကို တာဝန်ယူပြီးဖြည့်တင်းပြီး လျော်ပါမယ်။ ဘယ်သူမှ မလျော်ဘူးဆိုရင် ဥက္ကဌတစ်ယောက်အနေနဲ့ နိုင်ငံအတွက်၊ အသင်းအတွက် ကျွန်တော့်မှာရှိတဲ့စည်းစိမ်တွေကိုစိုက်ပြီး နိုင်ငံတော်ကို ပေးသွင်းလိုက်မှာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးရှိန်ဝင်းက အဆိုပါ တွေ့ဆုံပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ်က ဦးဆောင်၍ ၂ဝ၁၈ အတွင်း သုံးလတစ်ကြိမ် သုတေသန ဆောင်ရွက်ထားသော Business Sentiment Survey အရ စီးပွားရေးမကောင်းရခြင်း၏ အကြောင်းရင်းများတွင် အခွန်အကောက်နှုန်းထား သတ်မှတ်ချက်များသည် ထိပ်တန်းအကြောင်းရင်း တစ်ရပ်အဖြစ်ရှိနေကြောင်း ဖော်ပြထားသည်။ စီးပွားရေးတိုးတက်ရန် ယုံကြည်မှုမရှိခြင်း အချက်ငါးချက်တွင် သုံးချက်သည် အခွန်နှုန်းထားကြောင့် ဖြစ်နေသည်။ စီးပွားရေးပြန်လည် တိုးတက်ကောင်းမွန်စေရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရမည့် အဓိကအချက် ငါးချက်တွင်လည်း အခွန်အကောက်က တစ်ချက် အဖြစ် ပါဝင်နေသည်။

''တကယ်ငွေမည်းကိုင်တဲ့သူတွေက သူတိုရဲ့ အကျိုးအတွက် ၃ဝ ရာခိုင်နှုန်းလောက် အခွန်ဆောင်ရတာကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ တကယ်ပိုက်ဆံကို ခက်ခက်ခဲခဲရှာရတဲ့ သူကသာ ၃ဝ ရာခိုင်နှုန်း အခွန်ဆောင်ရတာကို နှမြောတာပါ။ အခွန်တွေ ဖြေလျှော့ပေးတာဟာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုလုံး တိုးတက်လာဖို့အတွက် ကောင်းမွန်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်ဟု MKT ဆောက်လုပ်ရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

အာရှဖောင်ဒေးရှင်းမှ ၂ဝ၁၈ အတွင်း ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ အခွန်အကောက်များအပေါ် မြို့ပြနေပြည်သူများ၏ သဘာထားအမြင် အစီရင်ခံစာအရမူစစ်တမ်းဖြေဆိုသူများ၏ ၇ဝ ရာခိုင်နှုန်းကျော်သည် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်နှင့် ပစ္စည်းခွန်များအားလုံး မျှတမှုရှိပါသည်ဟု ဖြေကြားထားသည်။

မြန်မာနိုင်ငံ၏ အခွန်အကောက်ရရှိမှုသည် ဂျီဒီပီ၏ ၆ ရာခိုင်နှုန်း၊ ၇ ရာခိုင်နှုန်း ဝန်းကျင်သာရှိပြီး ဝင်ငွေပမာဏတူညီသည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ယင်းနိုင်ငံများသည် ဂျီဒီပီ၏ ၁ဝ မှ ၂ဝ ရာခိုင်နှုန်းအထိ ကောက်ခံနေသည်ဟု အာရှဖောင်ဒေးရှင်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ နိုင်ငံ၏သုံးငွေသည် ဂျီဒီပီ၏ ၂၆ ရာခိုင်နှုန်းကျော်ရှိနေပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခွန်နှင့် ဂျီဒီပီအချိုးများသည့်ထဲတွင် ပါနေသည်။

စီးပွားရေးလုပ်ငန်းရှင်တို့၏ အခွန်လျှော့ပေါ့ပေးရေးဆန္ဒနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''ဒီအချက်တွေ အလေးထားပြီး တိုင်ပင်ပေးပါမယ်။ မလုပ်ဘူး၊ လုပ်မယ်တော့ ဒီမှာတော့ ဘယ်လိုမှ ပြတ်ပြတ်သားသား အဖြေပေးလို့ မရသေးပါဘူး''ဟု ပြောကြားခဲ့သည်။

ပြည်သူ့ငွေစာရင်းကော်မတီ၏ အခွန်ရရှိမှု စာရင်များအရ၂ဝ၁၁−၁၂ ဘဏ္ဍာနှစ်မှစ၍ အခွန်ရရှိမှုသည် နှစ်စဉ်တိုးတက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများအနက် ဝင်ငွေခွန်သည် နိုင်ငံ၏ အဓိက ဘဏ္ဍာငွေ အရင်းအမြစ်တစ်ခု ဖြစ်သည်။

Source: myanmar times

Taxation Local News Read 5156 times