ပြည်တွင်း အဌားယာဉ်လုပ်ငန်းဖြစ်လာမည့် Billion အဌားယာဉ်ဝန်ဆောင်မှု Application အသုံးပြုရန် စာရင်းပေးသွင်းထားသည့်ယာဉ်မောင်း ၆၀၀၀ ခန့်ရှိပြီး မှတ်ပုံတင်ပြုလုပ်ပြီးသည့် ယာဉ်မောင်းအရေအတွက် ၉၀၀ ခန့်ရှိကြောင်း Billion မှာ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
Billion အဌားယာဉ်ဝန်ဆောင်မှုကို ဇွန်လတတိယအပတ်တွင် စတည်မည်ဖြစ်ပြီး ဝန်ဆောင်မှုအသုံးပြုမည့် ခရီးသည်များအနေဖြင့် မိုဘိုင်းလ်ဖုန်းတွင် Billion Application ထည့်သွင်းထားရမည်ဖြစ်ပြီး ယင်း Application မှတစ်ဆင့် ချိတ်ဆက်ကာ ယာဉ်ဌားရမ်းနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
Billion Application အသုံးပြုခြင်းအတွက် ယာဉ်မောင်းများကိုဝန်ဆောင်ခအဖြစ် ခရီးစဉ်ကျသင့်ငွေထဲမှ ၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ပြီး Application စတင်အသုံးပြုနိုင်ရန် ယာဉ်မောင်းများ၏ Driver Wallet ထဲသို့ ငွေကျပ် ၃၀၀၀ ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင် ပြည်တွင်းတွင် အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို Uber၊ Grab၊ Hellocab နှင့် Oway တို့ကဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
Myawady