ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးအတွက် ဂက်စ်ရယူအသုံးပြုနေသည့် ဇောတိကဂက်စ်ပိုက်လိုင်းကို ထိန်းသိမ်းပြုပြင်ရန် ၁၀ ရက် ပိတ်ထားမည်ဖြစ်သောကြောင့် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်ဖြစ်ကြောင်း ထားဝယ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်က ပြောသည်။
ဇောတိကကမ်းလွန်စီမံကိန်းမှ သွယ်တန်းထားသည့် ဂက်စ်ပိုက်လိုင်းကို ဇန်နဝါရီလ ၂၀ ရက်မှ ၂၉ ရက်အထိ ပိတ်ကာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင်ရန်ရှိကြောင်း ဦးရဲမင်းထက်က ပြောသည်။ဇောတိကပိုက်လိုင်း ပိတ်ထားချိန်အတွင်း ရတနာဂက်စ်ပိုက်လိုင်းမှ ဓာတ်ငွေကိုအစားထိုးရယူကာ လျှပ်စစ်ထုတ်လုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရတနာပိုက်လိုင်းမှ ဂက်စ်ရယူချိန်တွင် လျှပ်စစ်အင်ဂျင်ပိုင်းဆိုင်ရာ လုပ်ငန်းများချိန်ညှိရမည်ဖြစ်သောကြောင့် ဂက်စ်ပိုက်လိုင်း အပြောင်းအလဲပြုလုပ်ချိန်တွင် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ဦးရဲမင်းထက်က ပြောသည်။ဂက်စ်ပိုက်လိုင်း အပြောင်းအလဲပြုလုပ်ချိန်ဖြစ်သည့် ဇန်နဝါရီလ ၂၀ ရက်ဝန်းကျင်နှင့် ၃၀ ရက်တို့တွင် အချိန်ပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မီးပျက်ချိန်များတွင် လျှပ်စစ်ဌာနပိုင် ဒီဇယ်မီးစက်များဖြင့် အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးရန် ထားဝယ်ခရိုင်တွင်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ပေးနေသည့် GGS ကုမ္ပဏီနှင့်ညှိနှိုင်းထားကြောင်း ဦးရဲမင်းထက်က ပြောသည်။ထားဝယ်မြို့ရှိ ဓာတ်အားခွဲရုံနှင့် တိုင်းလျှပ်စစ်ရုံးတွင် ဒီဇယ်စက် ၁၃ လုံး၊ မေတ္တာမြို့၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်ရှိ ဓာတ်အားခွဲရုံများတွင် ဒီဇယ်စက် ၅ လုံးစီရှိကြောင်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်နိုင်ကြောင်းကို အများပြည်သူ သိရှိစေရန် တရားဝင်ကြေညာမည်ဖြစ်ကြောင်း ဦးရဲ
မင်းထက်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောသည်။
“ရပ်ကွက်တွေကို လိုက်ကြေညာသလို Facebook မှာလည်း ကြေညာမယ်”ဟု ၎င်းကဆိုသည်။မီးသုံးသူ ပြည်သူများ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မီးပျက်မည့်အကြောင်းကို အချိန်စောစီးစွာ ထုတ်ပြန်ပေးသင့်သည်ဟု အလူမီနီယံလုပ်ငန်းလုပ်ကိုင်သည့် ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဆောင်ရန် ဇောတိကဂစ်ပိုက်လိုင်းကို နှစ်စဉ် ယာယီပိတ်လေ့ရှိသည်။ထားဝယ်ခရိုင်တွင် လျှပ်စစ်မီးသုံးစွဲမှု အများဆုံး အချိန်ဖြစ်သည့် ညနေ ငါးနာရီခွဲခန့်မှ ရှစ်နာရီဝန်းကျင်တွင် ဓာတ်အားသုံးစွဲမှု ပမာဏ ၁၅ မဂ္ဂါဝပ်ခန့်ရှိကြောင်း အထက်ပါရုံးထံမှ သိရသည်။
The Voice