ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) က ဇူလိုင်လဆန်းပိုင်းကစပြီးအခွံချိန်း အလုံးချိန်း Body Coach ပြောင်းယာဉ် (ဖောက်စွပ်) တွေကို စိတ်စစ်တွေ့ရှိပါက ယာဉ်မှတ်ပုံတင်ဖျက်သိမ်းပြီး မှတ်ပုံတင်မဲ့ ယာဉ်အဖြစ် ရဲခစန်းကို အပ်နှံရမယ်လို့ ကြေညာလိုက်ပါတယ်။
အဲဒီလို ကြေညာပြီးတဲ့နောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဇူလိုင်လ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း ဖောက်စွပ်လို့ စစ်ဆေးတွေ့ရှိရတဲ့ ယာဉ်စီးရေး ၂၇၀ ကျော် ၃၀၀ နီးပါး သိမ်းဆည်းခဲ့ပြီး ရဲစခန်းထံ အပ်နှံခဲ့ပါတယ်။ ဒီလို ဖောက်စွပ်လို့ အပ်နှံခိုင်းတဲ့ ယာဉ်တွေမှာ သိန်းတစ်ရာစွန်းစွန် တန်တဲ့ Taxi လေးတွေကစလို့ တန်ဖိုးကြီးကားတွေ အထိပါဝင်လာပါတယ်။ အများစုကတော့ မိမိရဲ့ ကားကို ဖောက်စွပ်ကားလို့ မသိကြဘဲ ဝယ်ယူထားကြတဲ့သူအများစု ဖြစ်ပါတယ်။
ဖောက်စွပ်ဆိုတာ
ဖောက်စွပ်ဆိုတာ အဓိကအားဖြင့်တော့ ကားတစ်စီး တိုက်မိတာ၊ မီးလောင်တာကြောင့် ပျက်စီးသွားတဲ့အခါ ပျက်စီးသွားတဲ့ကားရဲ့ ချက်စီနံပါတ်ကို ခွာယူပြီး အလားသဏ္ဍန်တူတဲ့ ကားတစ်စီးဝယ်ယူပြီး မူလချက်စီနံပါတ်ကို ရိုက်နှိပ်လိုက်တာကို အဓိက ဆိုလိုတာပါ။ အရင်ခေတ်ကတည်းက ကားတစ်စီး ပျက်စီးတဲ့အခါ ပုံသဏ္ဍန်တူ မော်ဒယ်တူ လိုင်စင်မဲ့ကားတစ်စီးကို ဝယ်ယူပြီး မူလကားက ချက်စီနံပါတ်ကို ဖောက်စွပ်တာ ဖြစ်ပါတယ်။ အဲဒီလို ဖောက်စွပ်ထားတဲ့ ကားတွေကို အရင်ကညနက RTA ဒဏ်ကြေး ပေးဆောင်စေပြီး လိုင်စင်ဝင်ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ RTA ဒဏ်ကြေးပေးဆောင်တဲ့စနစ်ကို ကညနကပဲ ပြန်ပိတ်လိုက်ပါတယ်။
RTA ဒဏ်ကြေး ဘယ်လိုစ
မြန်မာနိုင်ငံမှာ ကားတင်သွင်းခွင့်မရှိတဲ့ ခေတ်၊ စစ်အစိုးရလက်ထက်အချိန်ကစလို့ ကညနကပဲ RTA ဒဏ်ကြေးဆိုတဲ့ စနစ်ကို စတင်ခဲ့တာပါ။
မူလအစ RTA ကတော့ ကညနက ကားအုံနာဘုတ် ပန်းရောင် ထုတ်ပေးခဲ့ပြီး ကားအုံနာစာအုပ် ပန်းရောင်ရှိလျှင် လိုင်စင်မဲ့ ကားတစ်စီးဝယ်ယူပြီး မှတ်ပုံတင်နိုင်ခဲ့တယ်။ မူရင်းစာအုပ်ရရင် လိုင်စင်မဲ့ကားဝယ် RTA ရိုက်ပြီး ကားအဖြစ် အသုံးပြုလို့ရခဲ့ပါတယ်။ အဲဒီလို လမ်းကြောင်းပေးချင်က RTA အစဖြစ်ပါတယ်။
စစ်အစိုးရခေတ်မှာ အသုံးမလိုတော့တဲ့ ပျက်စီးစုတ်ပြတ်နေတဲ့ ကားတွေကို လေလံပစ်ပါတယ်။ အဲဒီလေလံပစ်တဲ့ကားတွေကို လုပ်ငန်းရှင်တွေ စီးပွားရေးသမားတွေ ဝယ်ယူ ပြီး လိုင်စင်မဲ့ကားတွေနဲ့ ချက်စီနံပါတ် ဖောက်စွပ်ပြီး စီးပွားရေးအတွက် ဝယ်ရောင်း လုပ်ခဲ့ကြတာပါ။ ဒါကိုလည်း စစ်အစိုးရက ခွင့်ပြုခဲ့သလို ကညနကလည်း တရားဝင် ဒဏ်ကြေး ဆောင်ခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ စက်မှုဇုန်ထုတ်ဆိုပြီး နယ်စပ်ကနေ ကားတွေတင်သွင်း စက်မှုဇုန် နံပါတ် နဲ့ ကားတွေထုတ်၊ ချက်စီနံပါတ်တွေ ဖောက်စွပ်လုပ်ပြီး ကားရောင်းဝယ်ကြတဲ့ စနစ်လည်း အတော်ကို တွင်ကျယ်ခဲ့ပါတယ်။ အဲဒီမှာလည်း RTA ဒဏ်ကြေးကို အစိုးရက အကြီးအကျယ် ခွင့်ပြုခဲ့ပါတယ်။ အဲဒီခေတ်က RTA ဒဏ်ကြေးအနေနဲ့ Super Cutom ဆိုရင် သိန်း ၂၀ နဲ့ ၅ သောင်းဆောင်ရပြီး Light Truck ဆိုရင် ၁၀ သိန်း ၅ သောင်းဆောင်ရပါတယ်။
RTA ဒဏ်ကြေးစနစ် တွင်ကျယ်မှုနဲ့အတူ ကားထုတ်လုပ်တဲ့ ဗန်းပြ ကားစက်ရုံတွေလည်း အများကြီးဖြစ်ခဲ့တယ်။ အဲဒီတော့ ပြန်ပြီးခြုံငုံကြည့်ရင် RTA ဒဏ်ကြေးကို စခဲ့တာဟာ ကညနပါပဲ။ ကညနရဲ့ ခွင့်ပြုမှုတွေ ကြောင်း RTA ဒဏ်ကြေးစနစ်နဲ့ လိုင်စင်မဲ့ကားတွေ တရားဝင် ဖြစ်လာခဲ့တာပါ။ အခုအချိန်အထိလည်း RTA ဒဏ်ကြေးဆောင်ထားတဲ့ စက်မှုဇုန်ထုတ်ကားတွေ ပြည်တွင်းမှာ ဒုနဲ့ဒေးရှိနေပါသေးတယ်။
အွန်လိုင်းစာရင်းပေးစနစ်ပြောင်းလဲကျင့်သုံး
ကညနက ရုံးတွင်းစာဆိုပြီး ထုတ်ပြီး ကနဦးမှတ်တမ်းနဲ့ ကနေ့ စစ်ဆေးတွေ့ရှိချက်နဲ့ မကိုက်ညီရင် ကားကိုရဲစခန်းအပ်၊ ပိုင်ရှင်စာအုပ်ကိုသိမ်းမှုတွေ ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယ အပတ်အတွင်းမှာ ဆောင်ရွက်ခဲ့ပါတယ်။
အရင်က ဖောက်စွပ်ဆိုရင် ယာဉ်မှတ်ပုံတင်စာအုပ်သာ ဖျက်သိမ်းပြီး ကားကိုတော့ ပြန်ပေးလိုက်ပါတယ်။ အရင်မူဝါဒနဲ့သိမ်းတာက စီးရေ ၁၀၀၀ နီးပါးရှိပြီး ပြည်သူတွေ မနစ်နာဖို့ တိုက်ကြေနဲ့ စလစ်ပြန်ထုတ်ပေးတယ်။ လက်ရှိ ကျင့်သုံးတဲ့ မူဝါဒက အခုမှစ ပေါ်တာ။ ဖောက်စွပ်ဆိုတာနဲ့ လိုင်စင်သိမ်းတယ်။ ကားပြန်မပေးတာက ပြည်သူတွေကြားမှာ ပွတ်လောရိုက်သွားစေခဲ့ပါတယ်။ ၎င်းကား လက်ဝယ်ရှိသူဟာ ကိုယ်တိုင် ဖောက်စွပ်လုပ်တာမဟုတ်ဘဲ မသိနားမလည်မှုကြောင့် ခံလိုက်ရတာက ဖြစ်ပါတယ်။ အဲဒီ သတင်းကြောင့် ကားပိုင်ရှင်တွေ အကြားမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့တယ်။ မိမိရဲ့ကား မှန်မမှန်ဆိုတာကို ကညနမှာ လာရောက်စစ်ဆေးမှုတွေ များပြားလာခဲ့ပါတယ်။ ကညနကလည်း ယာဉ်တွေဝယ်ယူတဲ့အခါမှာ ကညနမှာ လာစစ်ပြီး ဝယ်ကြဖို့ ပြောပါတယ်။ မှန်မမှန် လာစစ်တဲ့ ကားစီးရေက လိုင်စင်သက်တမ်းတိုးဖို့ လာရောက်စစ်ဆေးထက် ကားစီရေထက် နေ့စဉ်နေ့တိုင် ပိုများနေခဲ့တာမို့ နောက်ဆုံးမှာ မှန်မှန် စစ်ဆေးခံတာကိုလည်း သက်တမ်းတိုး လာစစ်တဲ့ ကားတွေနည်းတူ online booking စနစ် ကျင့်သုံးလိုက်တာကို တွေ့ရပါတယ်။
ဖောက်စွပ်ကား ဟုတ်မဟုတ် စစ်ဆေးမည့် အစီအစဉ်ကို သက်ဆိုင်ရာမှ ထုတ်ပြန်ကြေညာထားရာမှာ ရန်ကုန်မြို့တွင် တစ်နေ့ ၁၆၅ စီး စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း အောက်ပါစာရင်းအရ သိရပါတယ်။
ဥပဒေမှာ ဘာတွေ ပြောထားလဲ
၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၁၈ မှာ မှတ်ပုံံတင်အရာရှိသည် အောက်ပါအကြောင်းကိစ္စ တစ်ရပ်ရပ်ဖြစ်ပွားလျှင် မော်တော်ယာဉ် မှတ်ပုံံတင်ခြင်းကို ဖျက်သိမ်းရမည် လို့ ပြဌာန်းထားပြီး ပုဒ်မ ၁၈ (င)မှာတော့ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် အမျိုးအမည်၊ ခုနှစ်ပုံစံ၊ ခွင့်ပြု၍ မရသော ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိခြင်းလို့ ဖော်ပြပါတယ်။
ဒါပေမယ့် မော်တော်ယာဉ် မှတ်ပုံတင် ဖျက်သိမ်းမှုကို အယူခံဝင်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၉ (က) မော်တော်ယာဉ်ကို မှတ်ပုံံတင်ခွင့် မပြု၍သော်လည်းကောင်း၊ ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ် ထုတ်မပေး၍သော်လည်းကောင်း ပုဒ်မ ၆ သို့မဟုတ် ပုဒ်မ ၁၄ အရ ငြင်းဆိုသည့် အမိန့်ကြောင့်ဖြစ်စေ၊ ပုဒ်မ ၁၇ သို့မဟုတ် ပုဒ်မ ၁၈ အရ ခေတ္တရပ်စဲသည့် သို့မဟုတ် ဖျက်သိမ်းသည့် အမိန့်ကြောင့်ဖြစ်စေ နစ်နာသည့် မော်တော်ယာဉ်ပိုင်ရှင် တစ်ဦးဦးသည် အဆိုပါ အမိန့်ချမှတ်သည့် အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူသည် အဆိုပါဆုံးဖြတ်ချက် ချမှတ်သည့် အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ထံသို့လည်းကောင်း၊ အယူခံဝင်နိုင်ပါတယ်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသူသည် အဆိုပါဆုံးဖြတ်ချက်ချမှတ်သည့် အကြောင်းကြားစာ ရရှိသည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့လည်းကောင်း အဆင့်ဆင့် အယူခံဝင်နိုင်ပါတယ်။ ပုဒ်မခွဲ (က ) အရ အယူခံလျှောက်ထားမှုများတွင် ဝန်ကြီးဌာနက ချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတာမို့ လုပ်ပိုင်ခွင့်အားလုံးက ဝန်ကြီးဌာနရဲ့ လက်ထဲမှာသာ ရှိနေတာ အသေအချာပါပဲ။ ဝန်ကြီးဌာနကို တရားဝင် အယူခံဝင်ခဲ့ကြသူတွေ ရှိပေမယ့်လည်း တစ်စီးတစ်လေမှ ပြန်မရဘဲ ကားတွေကို ရဲစခန်းမှာပဲ အပ်နှံလိုက်ကြရတယ်လို့ သိရပါတယ်။
ဖောက်စွပ်ဘာလို့လုပ်ကြလဲ
ကား တိုက်ကြေ သွားတဲ့အခါမှာ တိုက်ကြေစလစ်နဲ့အပ်ရင် အရှုံးရှိနိုင်တာမို့ လိုင်စင်မဲ့ကားတစ်စီး ဝယ်ပြီး ချက်စီကို ဖောက်စွပ်လုပ်ကြတာဖြစ်ပါတယ်။ ကားသုံးစွဲသူတွေ လုပ်တာနည်းပြီး စီးပွားရေးသမားတွေနဲ့ ဝယ်ရောင်းတွေ အများစုက အဓိက ဖောက်စွပ်လုပ်ကြတာဖြစ်ပါတယ်။ နောက်ဆုံး ကားသုံးစွဲသူတွေက ဘုမသိ၊ ဘမသိနဲ့ ခံလိုက်ရတာဖြစ်ပါတယ်။
အလုံးစုံ အာမခံစနစ်
ကားတွေ ဖောက်စွပ်မဖြစ်စေဖို့ကတော့ အဓိကအားဖြင့် နိုင်ငံမှာ အလုံးစုံအာမခံထားတဲ့ စနစ်တွင်ကျယ်လာရင် ဒီလို နစ်နာမှုမျိုး မကြုံနိုင်ပါဘူး။ ဒါ့အပြင် ကားအသစ်ရောင်းချတဲ့ Showroom တွေမှာ ကားဝယ်ရင်လည်း ဖောက်စွပ်ပြဿနာ မကြုံနိုင်ပါဘူး။ ဒါပေမယ့် ကားပိုင်ရှင် အများစုအနေဖြင့် လတ်တလောမှာ ငွေကြေးတတ်နိုင်မှု မရှိကြတာကြောင့် အလုံးစုံအာမခံစနစ်သွားဖို့ နဲ့ ကားအသစ်တွေ ဝယ်စီးနိုင်ဖို့ ဆိုတာ အဆင်မပြေနိုင်သေးပါဘူး။ ဝယ်ရောင်းတွေနဲ့ ပြည်သူတွေ အများစုကတော့ လတ်တလော သိမ်းဆည်းထားတဲ့ ကားတွေကို RTA ဒဏ်ကြေးဆောင်ပြီး အချိန်ကာလ တစ်ခုအထိ ခွင့်ပြုပေးစေချင်ကြပါတယ်။ နောက်မှ ဥပဒေကို တစ်ရစ်ပြီး တစ်ရစ် တင်းကျပ်မယ်ဆိုရင် ကားပိုင်ရှင်တွေအနေနဲ့ အချိန်ရနိုင်တာမို့ ဆုံးရှုံးနစ်နာမှု နည်းနိုင်တယ်လို့ဆိုကြပါတယ်။ ဖောက်စွပ်ယာဉ်ဆိုတဲ့ နောက်ကွယ်မှာ မမြင်ရတဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိတာမို့ ဖောက်စွပ်လုပ်သူ၊ လက်ခံသူနဲ့ မှတ်ပုံတင် ထုတ်ပေးတဲ့သူအားလုံးကို အရေးယူရေးကလည်း တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်ချက် တစ်ခုဖြစ်နေပါတယ်။
ဖောက်စွပ် ဟုတ်မဟုတ် သတ်မှတ်ချက်
ဖရိမ်မချိန်ဘဲ ဘော်ဒီပြောင်း (အရိုးလွတ်ချိန်း)သည့် ကားများကို ဖောက်စွပ်အဖြစ်သတ်မှတ်မှာ ဖြစ်ပါတယ်။
ဖရိမ်မချိန်းဘဲ ဘော်ဒီပြောင်း(အရိုး လွတ်ချိန်း)သည့် ကားများကိုလည်း ဖောက်စွပ်အဖြစ် သတ်မှတ်မည်ဖြစ် ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ကားတစ်စီး၏ Body Coach ဆိုသည်မှာ လူနှင့် ကုန်ပစ္စည်းများ တင်ဆောင်ရန် တစ်ဆက်တည်း တည်ဆောက်ထားသော မော်တော် ယာဉ်ကိုယ်ထည်ကို ခေါ်သည်။ Body Coach တွင် ဖြုတ်/တပ်နိုင် သော ဘောနတ်၊ ဘမ်ပါ၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း စသည့် အစိတ်အပိုင်းများ တပ်ဆင်ထားသည်။
မူလ မှတ်ပုံတင်ထားသော မှတ်တမ်းဝင် ဘော်ဒီကို အခြားဘော်ဒီတစ်ခုခုနှင့် အစားထိုးပြောင်းလဲခြင်းအား Body Coach ပြောင်း(အလုံးချိန်း/ဖောက်စွပ်)ဟု ခေါ်သည်။
Body Coach ပြောင်းလဲခြင်း တွင် သီးခြားဖရိမ်ပါရှိသော Station Wagon အုပ်စုဝင်ယာဉ်များ ဥပမာ Toyota Land Cruiser ၊ Toyota RAV4 ၊ Mitsubishi Pajero ၊ Insuzu Bighorn စသည့် ယာဉ် များ Body Coach ပြောင်းလဲခြင်း နှင့် သီးခြားဖရိမ်မပါသော ဆလွန်း အုပ်စုနှင့် ဘတ်စ် အုပ်စုဝင်များ ဥပမာ Toyota Crown ၊ Toyota Alphard ၊ Toyota Cladina ၊ Toyota Mark II ၊ Express ၊ Bus စသည့် ယာဉ်များ Body Coach ပြောင်းလဲခြင်းတို့ကို စစ် ဆေးတွေ့ရှိပါက ဖောက်စွပ်အဖြစ် သတ်မှတ်မည် ဖြစ်သည်။
Body Coach ပြောင်း (ဖောက် စွပ်)အဖြစ် သတ်မှတ်ရာတွင် သီးခြား ဖရိမ်ပါရှိသော ယာဉ်၌ မူလဖရိမ် အမှတ်ပါ သံများအား အခြား ယာဉ်တွင် ဖောက်ကပ်ဖြတ်ဆက်၍ ပြောင်းလဲခြင်းနှင့် ဖရိမ်အမှတ် ဖောက်ထည့်ခြင်းမရှိဘဲ မူလဖရိမ် ပေါ်တွင် အခြား Body Coach ကို ပြောင်းလဲတပ်ဆင်ခြင်း၊ သီးခြား ဖရိမ်မပါရှိသော ယာဉ်များအနေဖြင့် ဖရိမ်အမှတ်၊ သို့မဟုတ် ချက်စီ နံပါတ်ပါ Member အတိုင်းအား အခြားယာဉ်တွင် ဖောက်ထည့် ဖြတ်ဆက်ခြင်း/Member တန်း ပြန်လည် တွဲဆက်၍ ပြောင်းလဲခြင်းတို့ကို လည်း ဖောက်စွပ်အဖြစ် သတ်မှတ် မည်ဖြစ်သည်။
‘‘သီးခြားဖရိမ် ပါရှိတဲ့ကားတွေမှာ ဖရိမ်မပြောင်းဘဲ Body Coach ပြောင်းမယ်ဆိုရင်လည်း ဖောက်စွပ်အဖြစ် သတ်မှတ်ပါတယ်၊ ထိခိုက်မှုဖြစ်လို့ ပြင်ဆင်လို့ရတဲ့အပိုင်း ပျက်စီးရင် ပြင်ဆင်ပါ၊ ပြင်ဆင်လို့ မရတော့ဘူးဆိုရင်တော့ တိုက်ကြေ အဖြစ်နဲ့ပဲအပ်နှံပါ၊ ဖရိမ် ဖြတ်ဆက် လုပ်တာတွေ၊ Body Coach ပြောင်း တာတွေ စစ်ဆေးတွေ့ရှိရင်တော့ ဖောက်စွပ်ကားအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်’’ဟု ကုန်းလမ်းပို့ဆောင် ရေး ညွန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။
မူလဖရိမ်ပေါ်တွင် အခြား Body Coach ပြောင်းလဲတပ်ဆင် ခြင်းနှင့် ချက်စီတန်းကို အခြားယာဉ် တွင် တွဲဆက် ပြောင်းလဲခြင်းကို ဖောက်စွပ်အဖြစ် သတ်မှတ်သော်လည်း Body Coach တွင် ပါရှိ သော ဖြုတ်/တပ်နိုင်သည့် ဘော နတ်၊ ဘန်ပါ ၊ တံခါး၊ ထိုင်ခုံ၊ ပါး ခန်း၊ ရှဲလ်၊ မီးခွက်စသည့် အစိတ်အပိုင်းများကို ယာဉ်ထိခိုက်မှုကြောင့် ပြောင်းလဲတပ်ဆင်ခြင်းကိုမူ ဖောက်စွပ်အဖြစ် မသတ်မှတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
မော်တော်ယာဉ် ထိခိုက်မှုများနှင့် ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာပါက ကား၏ဘေးတံခါးများ၊နောက်ခြမ်းများ ပြင်ဆင်၍ ရနိုင်သော်လည်း ယာဉ်၏ချယ်စီတစ်ဝိုက် (အောက်ပိုင်းကိုယ်ထည်)ကို ပြင်ဆင်ထားမှသာ ဖောက်စွပ်ကားအဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရပါတယ်။
အဓိကကျတဲ့နေရာကတော့ ယာဉ်၏ ချယ်စီတစ်ဝိုက်ကို ပြင်ဆင်ထားတာတွေ့ရင် ဖောက်စွပ်ကား အဖြစ် သတ်မှတ်ခံရမှာ ဖြစ်ပါတယ်။
” ကားတစ်စီးက ထိခိုက်မှုဖြစ်တာကို ပြင်ဆင်တာ ရှေ့ခြမ်းပြင်တာဖြစ်ဖြစ်၊ ကားရဲ့အနောက်ကတိုက်မိလို့ အနောက်ခြမ်းပြင်တာဖြစ်ဖြစ်ပြင်လို့ရပါတယ်။အဓိကက ကားရဲ့ချယ်စီတစ်ဝိုက်ကို မထိမိဖို့လိုတယ်။ အနည်းငယ်ပြုပြင်တာကို တော့ ဖောက်စွပ်ကားမသတ်မှတ်ပါဘူး။ ချယ်စီနေရာကိုထိပြီးပြင်ထားတာတို့၊ ချယ်စီတစ်ဝိုက်ကို ထိခိုက်အောင်ပြင်ဆင်ထားရင်သာ ဖောက်စွပ်ကားဖြစ်နေတာပါ။“ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ယာဉ်စစ်ဆေးရေး တာဝန်ရှိအင်ဂျင်နီယာမှူးတစ်ဦးကပြောကြားပါတယ်။
ယခုအခါတွင် ယာဉ်အရောင်းအဝယ်ပြုလုပ်ရာ၌ အခွံချိန်း၊အလုံးချိန်းခြင်းနှင့် body coach ပြောင်းလဲလာသည်ကို စစ်ဆေးတွေ့ရှိပါ က ယာဉ်မှတ်ပုံတင် ဖျက်သိမ်း၍ လိုင်စင်မဲ့ယာဉ် အဖြစ်သတ်မှတ်သိမ်းဆည်းသွားမည်ဆိုသော သတင်းများကြောင့် ယာဉ်မှန်၊မမှန်စစ်ဆေးပြီးမှ ဝယ်ယူမှုများရှိလာရာ ယာဉ်တစ်စီး ကိုယ်ထည် ထိခိုက်မှုဖြစ်ပါက ပြင်ဆင်မယ်ဆိုင် ဦးစွာပထမ ကညနကို စနစ်တကျ ကြိုတင်လျှောက်ထားတာ အကောင်းဆုံးပါပဲ။ အဲဒါဟာ အဆိပ်မတက်စေမဲ့ ဖြေဆေးလု့ိ ဆိုရပါမယ်။
ဘာတွေလိုအပ်ပြီး ဘယ်လိုလုပ်ရမလဲ
ယာဉ်တစ်စီး တိုက်ခိုက်မှုကြောင့်ဖြစ်စေ၊ အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်စေ
ပြုပြင်မှု တစ်ခုခုလုပ်မယ်ဆိုရင် ကြိုတင်လျှောက်ထားမှုလုပ်တဲ့အခါမှာ.....
လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ အထောက်အထားများ
၁။ ဘယ်လိုကြောင်းကိစ္စကြောင့် ပြုပြင်ရန်လိုအပ်သည့်အတွက် ပြုပြင်ခွင့်ပြုပါရန် လျှောက်လွှာ
၂။ လျှောက်ထားသူရဲ့ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ
၃။ ယာဉ်မှတ်ပုံတင်စာအုပ် (အုံနာဘုတ်)
၄။ ယာဉ်စစ်ရန်လိုအပ်သည့်အတွက် ယာဉ်လိုအပ်ပါသည်
(ယာဉ်ယူလာရန်ခက်ခဲလျှင်သက်ဆိုင်ရာ ဦးစီးမှုးထံတင်ပြပါ)
လုပ်ငန်းဆောင်ရွက်ခြင်း
၁။ ယာဉ်စစ်ပြီး မူလယာဉ်မှန်လျှင် ပြုပြင်မှုသည် ဘောင်အမှတ် မထိခိုက်နိုင်ပါက Wသတ်မှတ်ပြီး ပြုပြင်ခွင့်ပြုကြောင်းစာထုတ်ပေးမည်
၂။ ပြုပြင်မှုသည် ဘောင်အမှတ်ထိခိုက်နိုင်လျှင် W/RTA သတ်မှတ်ပြီး ပြုပြင်ခွင့်စာ ထုတ်ပေးမည်
၃။ မှတ်တမ်းဓာတ်ပုံများယူထားမည်
၄။ ပြုပြင်ပြီးက ယာဉ်ပြန်အစစ်ခံရမည်
၅။ မူလယာဉ်အားပြုပြင်ထားသည်မှာ မှန်ကန်ပြီး Road safety ဖြစ်လျှင် မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ပြီး မိမိပြုပြင်မှုများအားလုံး မှတ်တမ်းဝင်ပြီးဖြစ်ပါသည်။
မှတ်ပုံတင်ခွင့်ပြုရေး
၂၀၁၇ ခုနှစ် တွင် RTA ထုမပေးတော့သည့်နောက်ပိုင်းကာလ၌ အခွံချိန်း၊အလုံးချိန်းနှင့် ဖောက်စွပ်ကားများကို မသိနားမလည်၍ လက်ဝယ်တွင် ပိုင်ဆိုင်ထားသူ ယာဉ်ပိုင်ရှင်များ၊ ကားရောင်းသူနှင့် ဝယ်ယူမိသူများမှာ နစ်နာမှုများရှိနေ၍ သင့်တင့်သောအခွန်တစ်ခုဖြင့် ယာဉ်မှတ်ပုံတင်ခွင့်ပြုပေးနိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) က ယာဉ်ပိုင်ရှင်များကိုယ်စား တင်ပြထားရှိကြောင်းသိရပါတယ်။