ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဖန်ချန်းကန်၊ ကျင်းစီနှင့် လောင်ကျိုးနယ်မြေများတွင် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အသစ် (၃) ဇုန်အား တည်ထောင်ခွင့်ပြုလိုက်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ တရားဝင်ကြေငြာချက်အရသိရပါသည်။
၎င်းနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အသစ် (၃) ဇုန်တွင် နယ်စပ်ကုန်သွယ်ရေး၊ ပြုပြင်ထုတ်လုပ်ရေး၊ ထုတ်လုပ်မှုဝန်ဆောင်မှုများ၊ နယ်စပ်ဖြတ်ကျော် ဘဏ္ဍာ ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုဝယ်ယူရေးတို့အပါအဝင် ပိုမိုအဆင့်မြင့်မားသော ပေါင်းကူးဆောင်ရွက်မှုအသွင်ဖြင့် တည်ဆောက်သွားရန် မျှော်မှန်းထားပါသည်။
စုစုပေါင်းဧရိယာအနေဖြင့် ဖန်ချန်းကန် (Fangcheng) နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွင် (၆၇.၀၈) ဟက်တာ ၊ ကျင်းစီး (Jingxi) နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွင် (၁၅၂.၂၉) ဟက်တာနှင့် လောင်ကျိုး (Longzhou) ရှိ ဇုန်တွင် (၄၂၃.၂၃) ဟက်တာအသီးသီးရှိကြကာ လောင်ကျိုးဇုန်မှာ အကြီးဆုံးဇုန် ဖြစ်ပါသည်။
ကီလိုမီတာ (၆၉၆) ရှည်လျားသည့် တရုတ်- ဗီယက်နမ် ကုန်းမြေနယ်နိမိတ်နှင့် ကီလိုမီတာ (၁,၅၉၅) ရှည်လျားသည့် တရုတ်- ဗီယက်နမ် ပင်လယ်နယ်နိမိတ် တလျှောက်ရှိ ကွမ်ရှီးနှင့် ဗီယက်နမ်နယ်စပ်တွင် မြို့ (၃) မြို့နှင့် စီရင်စု (၈) စုရှိပါသည်။
မကြာသေးမီနှစ်များအတွင်း “နယ်စပ်ကုန်သွယ်ရေးကုန်စည်များနှင့် ထပ်မံပြုပြင်ထုတ်လုပ်မှု” ဖွံ့ဖြိုးတိုးတက်ရေးစံပုံစံအား ကျင့်သုံးခြင်းကြောင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် သိသာထင်ရှားသည့်ရလဒ်များ ရရှိလျက်ရှိကာ ၊ ဆိပ်ကမ်းများအနီးရှိ ဈေးကွက်များ၊ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးနှင့် အီလက် ထရောနစ်ကူးသန်းရောင်းဝယ်ရေးအပါအဝင် နယ်မြေများ၏ဖွံ့ဖြိုးမှုအား တွန်းအားပေးလျက်ရှိကာ၊ နယ်စပ်ဒေသများတွင် နေထိုင်သူများအတွက် အလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိပါသည်။
စာရင်းအင်းအချို့အရ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နယ်စပ်ကုန်သွယ်ရေးနှင့် ပြုပြင်ထုတ်လုပ်ရေး၊ ဘဏ္ဍာရေးနှင့် ခရီးသွားကဲ့သို့သော အခြားလုပ်ငန်း များ၏ ပေါင်းစည်းထားသည့် ဖွံ့ဖြိုးတိုးတက်မှုမှ အလုပ်အကိုင်ပေါင်း တစ်သိန်း နီးပါးကို ဖန်တီးပေးထားနိုင်ကြောင်း သတင်းရရှိပါသည်။