၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတွင် Brand New ကားသစ်အစီးရေပေါင်း ၁၉၀၀ ကျော်ရောင်းချခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၃၄ ရာခိုင်နှုန်းကျော် များပြားခဲ့ကာ အာဆီယံနိုင်ငံများအနက် တိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်နေကြောင်း Asean Automotive Federation မှ ထုတ်ပြန်သော ဒေသတွင်း ကားသစ်ရောင်းချမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အစီအရင်ခံစာအရ သိရပါသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားသစ်ရောင်းချမှုပမာဏမှာ အင်ဒိုနီးရှားတွင် ၁၉၀၂၃၆ စီး၊ ထိုင်းတွင် ၁၄၂၀၁၁ စီး၊ မလေးရှားတွင် ၈၅၁၅၃ စီး၊ ဖိလစ်ပိုင်တွင် ၅၇၈၂၁ စီး၊ ဗီယက်နမ်တွင် ၃၈၄၃၁ စီး၊ စင်ကာပူတွင် ၁၁၈၇၈ စီး၊ ဘရူးနိုင်းနိုင်ငံတွင် ၁၆၇၆ စီး၊ မြန်မာတွင် ၁၉၇၀ စီးရှိခဲ့ပြီး နိုင်ငံများအလိုက်ရောင်းအားအလိုက်တိုးတက်ခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၈၉၁ စီး၊ ဖေဖော်ဝါရီတွင် ၁၀၇၉ စီးရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၁၂၉ စီး ရောင်းချနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၁၃၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ကားအသစ်အစီးရေ ၄၁၆၈ စီး ရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံအစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာမူဝါဒအပြောင်းအလဲကြောင့် ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ ရောင်းချခဲ့ရခြင်းဖြစ်ကြောင်း သိရပါသည်။
ကားအသစ်များရောင်းချမှုနှင့် ထုတ်လုပ်မှုများအတွက် မြန်မာနိုင်ငံဈေးကွက်သည် ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လအလိုက်ရောင်းချခဲ့ရသည့် ကားအသစ်စီးရေမှာ ဇန်နဝါရီလတွင် ၄၀၅ စီး၊ ဖေဖော်ဝါရီလတွင် ၄၃၆ စီး၊ မတ်လတွင် ၆၉၇ စီး၊ ဧပြီလတွင် ၃၈၀ စီး၊ မေတွင် ၆၄၃ စီး၊ ဇွန်တွင် ၆၃၄ စီး၊ ဇူလိုင်တွင် ၆၀၈ စီး၊ သြဂုတ်တွင် ၇၉၀ စီး၊ စက်တင်ဘာလတွင် ၇၇၆ စီး၊ အောက်တိုဘာတွင် ၉၀၇ စီး၊ နိုဝင်ဘာတွင် ၁၀၂၇ စီး၊ ဒီဇင်ဘာတွင် ၉၂၂ စီး ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ကားသစ်များရောင်းချမှုပမာဏ တိုးတက်လာမှုအတိုင်း ကားသစ်ထုတ်လုပ်မှုပမာဏလည်း အာဆီယံနိုင်ငံများအနက် အမြင့်ဆုံးဖြစ်နေကြောင်းသိရပါသည်။
အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံတွင် ကားသစ်တပ်ဆင်ထုတ်လုပ်မှုများ ပြုလုပ်နေပြီး အာဆီယံဒေသတစ်ခုလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှုရှိသော်လည်း မြန်မာနိုင်ငံက ရာခိုင်နှုန်း ၃၂၀ ကျော် တိုးတက်ခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ အာဆီယံနိုင်ငံများအလိုက် ကားတပ်ဆင်ထုတ်လုပ်မှု ပမာဏမှာ ထိုင်းက ၃၄၄၄၃၃ စီး၊ အင်ဒိုနီးရှားက ၂၁၆၄၆၆ စီး၊ မလေးရှားက ၁၀၆၄၁၈ စီး၊ ဗီယက်နမ် ၃၁၇၃၂ စီး၊ ဖိလစ်ပိုင်က ၁၃၆၂၂ စီး၊ မြန်မာက ၁၃၈၇ စီးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ထုတ်လုပ်မှုပမာဏ တိုးတက်ခဲ့ကာ မြန်မာနိုင်ငံက တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်သည့် ကားအသစ်စီးရေမှာ အစီးရေ ၄၉၃၀ ဖြစ်ပြီး ယခင်နှစ်ကာလတူထက် ၁၁၀၆ စီးပိုမိုခဲ့ကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်းရှိခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင်လည်း ဇန်နဝါရီလတွင် အစီးရေ ၆၁၀၊ ဖေဖော်ဝါရီလတွင် ၇၇၇ စီးတပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁၁၀၆ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၃၉၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း လအလိုက် တပ်ဆင်ထုတ်လုပ်ထားသည့် ကားအသစ်စီးရေမှာ ဇန်နဝါရီတွင် ၁၁၄ စီး၊ ဇူလိုင်တွင် ၄၇၈ စီး၊ သြဂုတ်လတွင် ၅၅၉ စီး၊ စက်တင်ဘာလတွင် ၆၃၈ စီး၊ အောက်တိုဘာလတွင် ၅၈၈ စီး၊ နိုဝင်ဘာတွင် ၇၈၈ စီး၊ ဒီဇင်ဘာတွင် အစီးရေ ၂၉၀ တပ်ဆင်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါသည်။
Source: Eleven