ကျွဲ၊  နွားများကို  အရေးကြီးကုန်စည်မှ မကြာမီ   ပယ်ဖျက်နိုင်တော့မည်


11 May, 2019

ပြည်တွင်းရှိ ကျွဲ ၊ နွားများကို အရေးကြီး ကုန်စည်အဖြစ် ဝန်ကြီးဌာန၏ သတ်မှတ်ထားမှု ပယ်ဖျက်ကြောင်း ကြေညာချက်ကို မကြာမီ ထုတ်ပြန်မှာဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ပြောပါတယ်။

"သက်ဆိုင်ရာဌာနအသီးသီးနဲ့ တစ်နှစ်ခွဲလောက် အချိန်ယူညှိနှိုင်းဆောင်ရွက်ခဲ့ပြီး လက်ရှိအားလုံး ပြီးစီးသွားပြီဖြစ်တဲ့အတွက် မကြာခင် အမိန့်ထုတ်ပြန်တော့မှာဖြစ်တယ်" လို့ ဒေါက်တာရဲထွန်းဝင်းက ပြောပါတယ်။

အရေးကြီးကုန်စည်ကနေ ပယ်ဖျက်ပြီး နောက်ပိုင်း ကုန်သွယ်မှုအပိုင်း၊ သယ်ဆောင်မှုအပိုင်းများမှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရှိမှာဖြစ်ပြီး ကျွဲ၊ နွားများအနေနဲ့ အရေးကြီးကုန်ပစ္စည်းအဖြစ် တည်ရှိနေသဖြင့် ကုန်သွယ်မှုအတွက် စုစည်းတဲ့နေရာ၊ ပြည်တွင်း၌ သယ်ဆောင်သွားလာတဲ့ နေရာများမှာ အခက်အခဲများရှိခဲ့ကြောင်း သိရပါတယ်။

ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်ဒေါက်တာ သန်းစိုးအောင်က ၁၉၆၇ ခုနှစ်လောက်ကစပြီး သက်ဆိုင်ရာစိုက်ပျိုးရေးဝန်ကြီးဌာနက လယ်ယာစိုက်ပျိုးရေးမှာ ကျွဲ၊ နွားတွေကို အဓိကထား အသုံးပြုခဲ့တာကြောင့် ကျွဲ၊ နွားအရေအတွက်အပေါ် ထိခိုက်မှုမရှိအောင် အရေးကြီးကုန်စည်အဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ခဲ့တာပါလို့ ပြောပါတယ်။

ဒါ့ပြင် စက်မှုလယ်ယာပြောင်းလဲလာတဲ့ ဒီကနေ့ခေတ်အနေအထားနဲ့ ပြည်သူတွေရဲ့ စားနပ်ရိက္ခာလိုအပ်ချက်၊ ၂၀၁၇ ခုနှစ်ကစပြီး ကျွဲ၊ နွားတွေ ပြည်ပကို တရားဝင်တင်ပို့ခွင့်ပြုပြီး နောက်ပိုင်းမှာ အရေးကြီးကုန်စည်အဖြစ် ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာကို ပယ်ဖျက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်လို့ ပြောပါတယ်။

The Myanmar Times 

Export, Import Read 8273 times