မူဆယ်မှာ တရုတ်ဝယ်လက်တွေ ဈေးကစားမှုကြောင့် ကျွဲ၊ နွားတစ်သောင်းဝန်းကျင် သောင်တင်နေ


15 March, 2019

တရုတ်ဝယ်လက်တွေက ဈေးကစားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာမှ ကျွဲ၊ နွားများကို ဝယ်ယူမှု ရပ်နားထားတဲ့အတွက် ကျွဲ၊ နွားတစ်သောင်းဝန်းကျင်ခန့် မူဆယ်မှာ သောင်တင်နေပြီး တင်ပို့သူတွေ အခက်အခဲများ ကြုံတွေ့နေရပါတယ်။

မြန်မာကုန်သည်တွေရဲ့ အမြန်ရောင်းချလိုနေတဲ့အချက်ကို တရုတ်ဝယ်လက်များက အခွင့်ကောင်းယူပြီး  ဝယ်ယူရန်အချိန်ဆွဲနေခြင်းဖြင့် ဈေးပေါပေါနဲ့ ရရှိနိုင်အောင် ကြိုးပမ်းနေခြင်းကြောင့်  ကျွဲ၊ နွားများသောင်တင်နေခြင်း ဖြစ်ပါတယ်။

မြန်မာမှ ကျွဲ၊ နွား တင်ပို့နေသူများ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ မန္တလေးတိုင်း ကျွဲ၊ နွားတင်ပို့သူများ အသင်းနဲ့ စစ်ကိုင်းတိုင်း ကျွဲ၊ နွား တင်ပို့သူများအသင်းတို့ ပူးပေါင်းအဖြေရှာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကျွဲ၊ နွားတင်ပို့သူများ အသင်းဥက္ကဋ္ဌ  ဦးစိုးနိုင်က ပြောပါတယ်။

မြန်မာကုန်သည်များအနေနဲ့ ကျွဲ၊ နွားတင်ပို့ဖို့ ပြုလုပ်ရတဲ့ စာရွက်စာတမ်းတွေဟာ သုံးလသာသက်တမ်းရှိပြီး သုံးလအတွင်း မရောင်းချနိုင်ရင် ပြန်လည်ပြုလုပ်ရတဲ့အတွက် ယင်းသက်တမ်းမကုန်မီ မြန်မာကုန်သည်များ အမြန်ရောင်းချလိုတဲ့အချက်ကို တရုတ်များကလည်းသိပြီး အချိန်ဆွဲကာဈေးနည်းနည်းသာ ပေးဝယ်ယူနေခြင်းဖြစ်ပါတယ်။

“ကျွန်တော်တို့က စာရွက်တစ်ရွက်လုပ်ပြီး သုံးလအတွင်းမှာ ရောင်းရမယ်။ မရောင်းရင် အဲ့ဒီစာရွက်က သက်တမ်းကုန်သွားပြီ။ နွားအကောင်တစ်ရာ တင်ပို့ဖို့ အဲ့ဒီစာရွက်တစ်ရွက်လုပ်ရင် ဟိုပေး၊ ဒီပေးနဲ့ဆို ပိုက်ဆံသိန်း ၁၀၀ လောက်ကုန်တယ်ဗျ။ အဲ့ဒီတော့ဘယ်သူမှ အဆုံးရှုံးမခံဘူး။ တင်ပြီဆိုရင် ရောင်းချင်တာ။ တရုတ်ကုန်သည်တွေ အကုန်လုံးက ပူးပေါင်းပြီးတော့ တစ်လလောက် မဝယ်ဘူးဆိုရင် သူတို့အတွက် ဒီဟာဘယ်လောက်လျော့ပြီးတော့ ဝယ်လို့ရမယ်ဆိုပြီး မဝယ်တာ ” လို့ ဦးစိုးနိုင်က ပြောပါတယ်။

မူဆယ်မှာ သောင်တင်နေတဲ့ ကျွဲ၊ နွားတွေကို အမြန်ရောင်းထွက်စေဖို့ အစိုးရအနေနဲ့ ကူညီပေးစေလိုပြီး တရုတ်ကို ကျွဲ၊ နွားတင်ပို့ဖို့ ချထားပေးတဲ့ ပါမစ်တွေကိုလည်း ခေတ္တရပ်ထားပေးသင့်ကြောင်း ဦးစိုးနိုင်က အကြံပြုပါတယ်။

ပါမစ်တွေရပ်နားထားရင် အချိန်အတိုင်းအတာတစ်ခုအထိ မူဆယ်ကို ကျွဲ၊ နွားများ ထပ်မလာတော့မှန်း တရုတ်ကုန်သည်တွေသိသွားတဲ့အခါ လက်ရှိမူဆယ်မှာရှိနေတဲ့ ကျွဲ၊ နွားတွေကို ဈေးမကစားတော့ဘဲ မဖြစ်မနေဝယ်ယူရတော့မှာဖြစ်ပါတယ်။

The Farmer Media

Export, Import Read 2939 times