တရုတ်ဝယ်လက်များက လွယ်ဂျယ်လမ်းကြောင်းမှ တစ်ဆင့် ကျွဲ၊ နွားကောင်ရေ ၁၅၀၀ ခန့် ဝယ်ယူမည်


04 April, 2019

မြန်မာနိုင်ငံမှ ကျွဲ၊ နွားများကို ဗန်းမော် - လွယ်ဂျယ် လမ်းကြောင်းအတိုင်း နယ်စပ်အထိ ပို့ပေးနိုင်မယ်ဆိုရင် တစ်ရက်ကို အကောင်ရေ ၁၅၀၀ ခန့် ဝယ်ယူမယ်လို့ လွယ်ဂျယ်နယ်စပ်မှ တရုတ်ကုန်သည်များက ကမ်းလှမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကျွဲ၊ နွား တင်ပို့သူများအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံကို ကျွဲ၊ နွားများ တင်ပို့ရာမှာ လက်ရှိအသုံးပြုနေတဲ့ မူဆယ်လမ်းကြောင်းက အရောင်းအဝယ်မကောင်းတာကြောင့် ၎င်းလမ်းကြောင်းအစား ဗန်းမော် - လွယ်ဂျယ် လမ်းကြောင်းမှ တစ်ဆင့် တင်ပို့ရောင်းဝယ်နိုင်ရန် ကြိုးစားနေတာဖြစ်ပါတယ်။

ဒါ့အပြင် မူဆယ်လမ်းကြောင်းက အခြားသစ်သီးဝလံနဲ့ လယ်ယာထွက်ကုန်များလည်း တင်ပို့နေတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် တစ်ရက်ကို ကားအစီးရေများစွာ သွားလာနေရပြီး လွယ်ဂျယ်လမ်းကတော့ ကားအစီးရေပိုနည်းတဲ့အတွက် ပိုအဆင်ပြေနိုင်တာကြောင့် ဒီလမ်းကြောင်းကို အသုံးပြုနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွဲ၊ နွား တင်ပို့သူများအဖွဲ့ နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျွဲ၊ နွား တင်ပို့သူများအဖွဲ့တို့က အခုရက်ပိုင်းအတွင်း ဗန်းမော် - လွယ်ဂျယ်လမ်းကြောင်း လေ့လာမှုများနဲ့ တစ်ဘက်နိုင်ငံမှ ဝယ်လက်များကို တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ လမ်းကြောင်းကို သွားရောက်လေ့လာရာမှာ လမ်းကြောင်းတစ်လျှောက် သယ်ယူပို့ဆောင်ရန် အဆင်ပြေသလို တစ်ဘက်နိုင်ငံက ဝယ်လက်တွေအနေနဲ့လည်း အဆိုပါ နယ်စပ်မှ တစ်ဆင့် ရောင်းဝယ်ဖို့ အဆင်ပြေတယ်လို့ ပြောပါတယ်။

ဒီလမ်းကြောင်းကနေ ရောင်းဝယ်တာ အဆင်ပြေရင် မူဆယ်ထက် နွားတစ်ကောင်ကို ကျပ်တစ်သိန်းနှုန်းပိုရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီလမ်းကြောင်းမှ တင်ပို့ရင် ကျွဲ၊ နွားများ သယ်ယူတဲ့စရိတ်မှာလည်း မူဆယ်နယ်စပ်နဲ့ နှိုင်းယှဉ်လိုက်ရင် တစ်ခေါက်ကို ကျပ်သိန်း ၁၀၀ ခန့် ကုန်ကျမှု လျော့သွားနိုင်ပါတယ်။

ဗန်းမော် - လွယ်ဂျယ် လမ်းကြောင်းကို တရားဝင် အသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနတွေဖြစ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ကို အခုရက်ပိုင်းအတွင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

The Farmer Myanmar

Export, Import Read 1799 times