နယ်စပ်မှ ကျွဲ၊ နွားတွေ မကြာမီ တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်


25 March, 2019

မြန်မာ၊ တရုတ်နှစ်နိုင်ငံမှ အစိုးရအချင်းချင်း တိရစ္ဆာန်ရောဂါကင်းရှင်းမှုနဲ့ ပတ်သက်ပြီး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် တရုတ်နိုင်ငံကို  နယ်စပ်မှ ကျွဲ၊ နွားတွေ မကြာမီတရားဝင် တင်ပို့နိုင်မှာဖြစ်ပါတယ်။

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ဖို့ ညှိနှိုင်းမှုဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး မြန်မာနိုင်ငံမှ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ယူနန်ပြည်နယ်အစိုးရနဲ့ ကူမင်းမြို့မှာ သွားရောက်ညှိနှိုင်းထားပါတယ်။ ဒီလက်မှတ်ရေးထိုးနိုင်ပြီဆိုရင်တော့ တရုတ်နိုင်ငံကို တရားဝင်သွားလို့ရပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေးစီမံချက်ကြောင့် မြန်မာနိုင်ငံမှ ကျွဲ၊ နွား ရောင်းချတဲ့လုပ်ငန်းတွေဟာ ၂၀၁၉ ဖေဖော်ဝါရီက စပြီးရပ်ဆိုင်းခဲ့ရပါတယ်။ ဒါ့ကြောင့် အခုရက်ပိုင်း မူဆယ်မြို့မှာ ကျွဲ၊ နွားကောင်ရေ များစွာ ပိတ်မိနေတာဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်ကို ကျွဲ၊ နွားတွေ တရားဝင်တင်ပို့ခွင့် မပြုသေးပေမယ့်လည်း တရားမဝင်တင်ပို့တာတွေတော့ ရှိနေပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးနဲ့ တရုတ်နိုင်ငံကို ကျွဲ၊ နွား၊ သိုး၊ ဆိတ် အပါအဝင် တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှု ကန်ဒေါ်လာသန်း ၂၇၀ ခန့် ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံက ကျွဲ၊ နွား အကောင်ရေနှစ်သိန်းခန့်ကို နယ်စပ်ကုန်သွယ်ရေးနဲ့ တရားဝင်ဝယ်ယူဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ကမ်းလှမ်းထားပါတယ်။ ဒါ့ပြင် တရုတ်နိုင်ငံ စစ်ဆောင်ပန်းနားပြည်နယ်ခွဲမှ ကုန်သည်တွေကလည်း မြန်မာနိုင်ငံမှ ကျွဲ၊ နွား တွေကို တရားဝင်ဝယ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဒီလို ကျွဲ၊ နွားတွေ ပြည်ပကို တင်ပို့ခွင့်ပြုတာဟာ လွတ်လပ်တဲ့ ဈေးကွက်ကို ဖော်ဆောင်ဖို့၊ မွေးမြူရေးတောင်သူတွေကို ဝင်ငွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့နဲ့ တောင်သူတွေရဲ့ အကျိုးစီးပွားကို ပိုမိုကာကွယ်နိုင်ဖို့အတွက်  ရည်ရွယ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။

7day daily

Export, Import Read 7248 times