ရန်ကုန်တိုင်းဒေသကြီးထဲက ဖွံ့ဖြိုးမှုနည်းတဲ့ မြို့နယ် ၁၁ ခုမှာ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် ၁၁ ခု တည်ထောင်ဖို့စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
ဇွန်လ ၅ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ “ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်မှာ နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီရင်ခံစာ” ကို မြို့တော်ဝန်က တင်ပြခဲ့တာပါ။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက “ဒီစီမံကိန်းတွေဟာ တိုင်းလွှတ်တော်ရဲ့ အတည်ပြုချက်ရမှ ဆက်လုပ်မှာပါ။ တိုင်းလွှတ်တော်က အတည်ပြုချက်ရရင် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆက်လက်တင်ပြ အတည်ပြုချက်ယူသွားမှာပါ။ စီမံကိန်းတွေကို ထည်ထောင်ဖို့ ကိုလည်း အိတ်ဖွင့်တင်ဒါတွေခေါ်ယူပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သွားမှာပါ။ ဒီလို စက်မှုဇုန်တွေ တည်ထောင်လိုက်ခြင်းအားဖြင့် ဖွံ့ဖြိုးမှုနည်းတဲ့မြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပါတယ်”လို့ပြောပါတယ်။
စက်မှုဇုန်တွေကို ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်မြို့နယ်တို့မှာ အကောင်ထည်ဖော်ဖို့ စီစဉ်ထားပြီး ဇုန်တွေဟာ အနည်းဆုံး ဧက ၇၀၀ လောက်ကနေ ဧက ၁၆၀၀ ကျော်ထိ အသီးသီး ကျယ်ဝန်းမှာ ဖြစ်ပြီး ဒီဇုန်တွေမှာ လုပ်ငန်းမျိုးစုံကို ဖော်ဆောင်ဖို့ ယာထားတယ်လို့ သိရပါတယ်။
DVB