မြန်မာ့ထုတ်လုပ်မှု ဧပြီလတွင် အာဆီယံဒေသအတွင်း အမြင့်ဆုံးဖြစ်


07 May, 2019

မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍက ဧပြီလမှာ အာဆီယံနိုင်ငံများအတွင်း အမြင့်ဆုံးရောက်ရှိလာကြောင်း ဂျပန် Nikkei ရဲ့ မြန်မာ့စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

ထိုသို့မြင့်တက်လာခြင်းက ကုန်ထုတ်လုပ်ငန်း လည်ပတ်မှုအခြေအနေ တိုးတက်လာခြင်း၊ အမှာအသစ်များ ရရှိလာခြင်းကြောင့်လို့ ဆိုပါတယ်။

ထိုညွှန်းကိန်းအရ ဧပြီလအတွင်း မြန်မာနိုင်ငံက ၅၃ ဒသမ ၇ ရမှတ်ရှိပြီး ဗီယက်နမ်နိုင်ငံက ၅၂ ဒသမ ၅ မှတ်၊ ထိုင်းနိုင်ငံက ၅၁ မှတ်နဲ့ ဖိလစ်ပိုင်နိုင်ငံက ၅၀ ဒသမ ၉ မှတ် ရရှိထားပါတယ်။

ညွှန်းကိန်းမြင့်တက်လာပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ ငွေကြေးဖောင်းပွမှုဒဏ် ခံရမယ်လို့လည်း Nikkei က မှတ်ချက်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းသစ်များသည် ခြောက်လအတွင်း ဆက်တိုက် တိုးတက်လာခြင်းကြောင့် ဧပြီမှာ ကုန်ထုတ်လုပ်မှု ညွှန်းကိန်း အမြင့်ဆုံးဖြစ်လာတာ ဖြစ်ပါတယ်။

ဝယ်ယူသူများထံမှ ဝယ်လိုအားတိုးတက်လာခြင်းနဲ့ ဝယ်ယူသူအသစ် တိုးတက်လာခြင်းကြောင့် အခုလို တိုးတက်လာခြင်းဖြစ်တယ်လို့ Nikkei က ဆိုပါတယ်။

ကုန်ကြမ်းရှားပါးလာမှုနဲ့ စရိတ်များလာခြင်းကြောင့် ဈေးနှုန်းဖောင်းပွမှုများ မြင့်တက်လာပြီး လုပ်ငန်းသစ်များ အားကောင်းဦးမော့လာပေမယ့်လည်း အလုပ်ခန့်အပ်နှုန်း လျော့နည်းခဲ့တယ်လို့ ဆိုထားပါတယ်။

သို့သော် ဧပြီတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု၌ ထုတ်ကုန်အသစ်များ ထုတ်လုပ်လာခြင်း၊ နည်းပညာသစ်များ လိုက်လျောညီထွေစွာ အသုံးပြုနေခြင်းကြောင့် ပိုမိုခိုင်မာလာတယ်လို့ အဆိုပါစစ်တမ်းက ဆိုပါတယ်။

စစ်တမ်းအတွက် ကုမ္ပဏီ ၄၀၀ ခန့်ကို မေးခွန်းပေးပို့ ဖြေဆိုခိုင်းခြင်းဖြစ်ပြီး ဧပြီ ၁၀ ရက်မှ ၂၃ ရက်အတွင်း အချက်အလက် ကောက်ယူခြင်းဖြစ်ပါတယ်။

7Day Daily

Industry Reviews Read 1202 times