အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားတွေအနေဖြင့် ဆူပူအကြမ်းဖက်မှုကိုရှောင်ရှားရန်နှင့် လူစုလူဝေးနေရာများကို သွားရောက်ခြင်းကို ရှောင်ကြဉ်ကြရန် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စုရှိ မြို့ကြီးများတွင် လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် ဆူပူအကြမ်းဖက်မှုများသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နယူးယောက်မြို့သို့လည်း ကူးစက်ဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်းနှင့် ထိုသို့ဖြစ်ပွားလာရာတွင် ဆူပူအကြမ်းဖက်မှု အခြေအနေများကို ထိန်းသိမ်းရန်အတွက် နယူးယောက်မြို့နယ်နိမိတ်အတွင်း ၃-၆-၂၀၂၀ ရက် နေ့ည (၀၈:၀၀)နာရီမှ ၈-၆-၂၀၂၀ ရက်နေ့ နံနက်(၀၅:၀၀)နာရီအထိ ညမထွက်ရအမိန့် (နေ့စဉ် ည ၀၈:၀၀ နာရီမှ နံနက် ၀၅:၀၀နာရီအထိ) ကို နယူးယောက်မြို့တော်ဝန်က အရေးပေါ်ကာလ စီမံအုပ်ချုပ်မှုဆိုင်ရာအမိန့် အမှတ်၊ ၁၁၉ အဖြစ် ၂-၆-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊သို့ဖြစ်ပါ၍ နယူးယောက်မြို့ဧရိယာအတွင်း နေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသား များ၊ မြန်မာနွယ်ဖွားများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏လုံခြုံရေးအပြင် CoVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမှလည်း ကာကွယ်နိုင်ရန်အတွက် ယခုကာလအတွင်း မိမိတို့ ၏နေအိမ်အတွင်း၌သာ တတ်နိုင်သမျှနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ထို့အပြင် မိမိတို့နေအိမ်အနီးအနား၌ ဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် သတင်းမီဒီယာများ၏ရေးသားဖော်ပြချက်များကို စောင့်ကြည့်လေ့လာကြရန်လည်းတိုက်တွန်း ထားသည်။
ထို့အပြင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များကို လိုက်နာကြပါရန်နှင့် လူစုလူဝေးဖြစ်ပေါ်သည့်နေရာများသို့ သွားရောက် ခြင်း၊ သတ်မှတ်ကန့်သတ်ချိန်ထက်ကျော်လွန်၍ နေအိမ်ပြင်ပသို့ သွားရောက်ခြင်းများကို ရှောင်ကြဉ်ကြပါရန်၊ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ လူစုလူဝေး နှင့် ကြုံတွေ့ရပါက အောက်ပါ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် တိုက်တွန်းထားသည်။
ဆက်လက်၍ လူစုလူဝေးနှင့် တွေ့ဆုံခဲ့ပါက စိတ်ကိုတည်တည်ငြိမ်ထား၍ လူအုပ်နှင့်ဝေးရာ လုံခြုံမှုရှိသည့်နေရာများသို့ တည်ငြိမ်စွာ လျှောက်လှမ်းထွက်ခွာပါရန်၊ လူအုပ်အနီးမှထွက်ခွာသည့်အခါ ပုံမှန်ခြေလှမ်းအတိုင်း လျှောက်လှမ်းကြရန်နှင့် ပြေးလွှားခြင်း လုံးဝမပြုလုပ်ရန်၊ ခိုလှုံရန်နေရာရှိက/အခြေအနေပေးက လူအုပ် ဖြတ်သန်းပြီးသည့်အထိ ခိုလှုံနေရန်၊ မော်တော်ယာဉ်မောင်းနှင်နေစဉ် လူအုပ်နှင့်ကြုံတွေ့ပါက ရပ်တန့်ခြင်းမပြုလုပ်ပဲ ဖြည်းညင်းစွာမောင်းနှင်ရန်၊ထိုသို့မောင်းနှင်နေစဉ် မော်တော်ယာဉ်တံခါးများကို လုံခြုံစွာပိတ်ထားရန်နှင့် ဟွန်းတီးခြင်းလုံးဝမပြုလုပ်ရန်၊ သက်ဆိုင်ရာအာဏာပိုင်များ၊ လုံခြုံရေးအဖွဲ့အစည်းများ၏ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန်၊ အရေးပေါ်ကြုံတွေ့လာပါက ၉၁၁ သို့ဆက်သွယ်ရန်နှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အရေးပေါ်ဆက်သွယ်ရန်ရှိက အောက်ပါ နံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်းလည်း အသိပေးထားသည်။