ဘုရင့်နောင်ကုန်စည်ဒိုင်ကို Business Center အဖြစ်သို့ ပြောင်းလဲလာမည့်စီမံကိန်း


27 December, 2017

ဘုရင့်နောင်ကုန်စည်ဒိုင်ကို Business Center အဖြစ်သို့ ပြောင်းလဲလာမည့်စီမံကိန်းကို သုံးနှစ်အတွင်း အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်ကို Business Center အဖြစ် အဆင့်မြှင့်တင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ သိရပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်သည် အကျယ်အဝန်းအားဖြင့် ဧက ၁၀၀ ဝန်းကျင်ရှိပြီး ပွဲရုံပေါင်း ၁၂၀၀ ကျော်နှင့် ကားဂိတ်ပေါင်း ၃၅၀ ကျော် ရှိကြောင်း၊ အဆိုပါ ဘုရင်နောင်ကုန်စည်ဒိုင်ကို နိုင်ငံတကာအဆင့်မီ အရောင်းအဝယ်ပြုလုပ်နိုင်မည့် Business Center အဖြစ်ဖော်ဆောင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်လုပ်ငန်းရှင်များကြား ဆွေးနွေးညှိနှိုင်းမှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းအတွင်း တစ်ရက်လျှင် ကုန်တင်ကားကြီး၊ ကုန်တင်ကားသေးနှင့် အိမ်စီးကား အစီးရေ စုစုပေါင်း ၄၀၀၀ နီးပါး ဝင်ထွက်သွားလာလျက်ရှိပြီးနေ့စဉ် ယာဉ်ကြောပိတ်ဆို့ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုပြင် ယခင်က ခင်းထားသော ယာဉ်သွားလမ်းများအနေအထားနှင့် ကုန်တင်ကားကြီးများ ရပ်နားထားမှုတို့ကြောင့် ကုန်စည်အတင်အချပြုလုပ်ရန် လာရောက်သောမော်တော်ယာဉ်များ ဝင်ထွက်ရာတွင် အဆင်မပြေမှုများရှိနေသဖြင့် ကုန်တင်ကားကြီးများ ရပ်နားရန်ဂိတ်များနှင့် မော်တော်ယာဉ်ဝင်းကို သီးသန့်တစ်နေရာသို့ပြောင်းရွှေ့နေရာချရန် စီစဉ်ထာကြောင်း သိရပါသည်။

ထို့သို့နေရာရွှေ့ပြောင်းပြီးပါက ဘုရင်နောင်ကုန်စည်ဒိုင်ကို Business Center အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး အဆိုပါ Business Center ထဲတွင် အရောင်းစင်တာများ၊ကုမ္ပဏီလုပ်ငန်းများ၊ လက်လီဆိုင်များနှင့် လူနေအဆောက်အအုံများ ဆောက်လုပ်ထားရှိမည်ဖြစ်ကြောင်း၊ ယင်းဘုရင့်နောင်ကုန်စည်ဒိုင်ကို Business Center အဖြစ်ပြောင်းလဲနိုင်ရန် သုံးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။

Source:myawaddy newspaper

Local News Read 907 times