ရန်ကုန်မြို့တွင်နိုင်ငံတကာဈေးကွက်စင်တာကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ သိရသည်။
အဆိုပါစင်တာကို ရန်ကုန်မြို့ကုန်သည် လမ်းအနီးရှိ သုံးထပ်ဆောင်တွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယင်းစင်တာတွင် နိုင်ငံတကာဈေးကွက်အကြောင်းအရာများ၊နိုင်ငံတကာ၏ Hub Test များ၊ဥရောပဈေးကွက်စသည်ဖြင့်လုပ်ငန်းရှင်များ၏လိုအပ်ချက်များကို မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်အချက်အလက်များကို လက်ခံဖြေကြားပေးမည်ဖြစ်ပြီး ထုတ်ကုန်များကို Promotion လုပ်နိုင်မည့် စင်တာတစ်ခုထူထောင်ရန်ရှိကြောင်း၊ယင်းကဲ့သို့ဆောင်ရွက်ရခြင်းသည် မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ပဈေးကွက်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် နိုင်ငံတကာဈေးကွက်အချက်အလက်စင်တာကို ထူထောင်ခြင်းဖြစ်ကြောင်းသိရသည်။
ယင်း Business Information Center ကို ရန်ကုန်မြို့တွင် ရှိသော မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနမှ နိုင်ငံတကာရဲ့ ဈေးကွက်သတင်းအချက်အလက်များကိုဖြန့်ဝေပေးနိုင်ဖို့ထူထောင်ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးဌာနအနေဖြင့် အဓိက လုပ်ဆောင်ရမည့် ပို့ကုန်ကဏ္ဍတိုးတက်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းအတွက်လည်း အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်းတွင် ပို့ကုန်အမယ်များကို ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း၊ယင်းပို့ကုန်အမယ်များတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊တိရစ္ဆာန်ထွက်ပစ္စည်းများ၊ကျောက်မျက်ရတနာများ၊လယ်ယာထွက်ကုန်များကို အခြေခံ၍ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ICT ကဏ္ဍတို့ဖြစ်ကြောင်းသိရသည်။