စီးပွားရေးလုပ်ငန်းများမှ အခွန်ငွေပေးဆောင်မှုများ နှစ်စဉ်လျော့ကျလာ


19 February, 2018

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင်ဘဏ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့၏ ဘဏ္ဍာရေးနှစ်အလိုက် အခွန်ပေးဆောင်မှုနှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေအခြေအနေမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းကျဆင်းနေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့စာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရပါသည်။

၎င်းအဖွဲ့အစည်းများနှင့် ဘဏ်များသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်နှင့် နိုင်ငံတော်သို့ ထည့်သွင်းငွေ စုစုပေါင်းကျပ် ၁၅၉၄ ဒသမ ၉၀၄ ဘီလျံရှိပြီး ပြည်ထောင်စု၏ စုစုပေါင်းရငွေတွင် ပါ၀င်မှု ၂၄ ဒသမ ရ၁ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ ၎င်းအဖွဲ့အစည်းများနှင့် ဘဏ်များအနေဖြင့် မြန်မာနိုင်ငံ၏ စုစုပေါင်းရငွေတွင် ပါ၀င်မှု ၁၅ ဒသမ ၂၉ ရာခိုင်နှုန်းသာရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၁၂ ဒသမ ၄၆ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၁၂ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၅-၂၀၁၆တွင် ၁၁ ဒသမ ၄၇ ရာခိုင်နှုန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၉ ဒသမ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၈ ဒသမ ၂၀ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရပါသည်။

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်နိုင်စေရန် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်ပြောင်းလဲဆောက်ရွက်ခဲ့သည့် ငွေကြေးစီမံခန့်ခွဲမှုအစီအစဉ်၏ ပကတိအခြေအနေများကို လေ့လာသုံးသပ်၍ နိုင်ငံတော်အတွက် အကျိုးရှိစေပြီး အောင်မြင်သော စီးပွားရေးလုပ်ငန်းများ ဖြစ်လာနိုင်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံတစ်ခုချင်းအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ကို ပီပီပြင်ပြင်ကျင့်သုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားပါသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ ရသုံးခန့်မှန်းခြေစာရင်းများအရ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းပေါင်း ၃၂ ခုအနက် အမြတ်ရရှိသည့် အဖွဲ့အစည်း ၂၃ခုရှိပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ အမှတ်(၁) အကြီးစားလုပ်ငန်း၊ အမှတ်(၂) အကြီးစားလုပ်ငန်း၊ အမှတ်(၃) အကြီးစားလုပ်ငန်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းတို့မှာ အရှုံးဖြစ်ပေးလျက်ရှိကြောင်း သိရပါသည်။

၎င်းတို့အနက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် ပြည်သူများသက်သာချောင်ချိရေးအတွက် အရှုံးခံ ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Taxation Read 728 times