ဒေါ်လာဈေးကစားမှုကြောင့် စီးပွားရေးလုပ်ငန်းများ မလုပ်ရဲမကိုင်ရဲဖြစ်နေ


27 August, 2018

ဧရာဝတီဘဏ်မှ ဖော်ပြထားသည့် ငွေကြေးလဲလှယ်နှုန်းများအရ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် တစ်ဒေါ်လာ ၁၅၁၅ ကျပ်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် တစ်ဒေါ်လာ ၁၅၃၂ ကျပ်ဖြင့်၁၇ ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ သို့သော် ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်း ဖော်ပြချက်အရ တစ်ဒေါ်လာ ၁၅၂၁ ကျပ်နှုန်းရှိခဲ့ရာ သြဂုတ်လ ၂၄ ရက်နေ့ဖြင့်နှိုင်းယှဉ်လျှင် ၁၁ ကျပ် ကျဆင်းခဲ့ကြောင်းသိရပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ မလုပ်ရဲမကိုင်ရဲဖြစ်

******

ပြည်တွင်း စီးပွားရေးလုပ်ငန်းများတွင် ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ရိုက်ခတ်မှုများရှိနေသည့်အပြင် လက်ရှိစီးပွားရေးလုပ်ငန်းများ မလုပ်ရဲမကိုင်ရဲသည့် အခြေအနေတွင်ရှိနေကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောဆိုသည်။

"ရီပို့စ်ကိုကြည့်မယ်ဆိုရင် အရင်သုံးလထက်စာရင် အခုကအခြေအနေမကောင်းဘူးပေါ့။ ဆာဗေးလုပ်ထားတဲ့လုပ်ငန်းရှင် ၂၅၀ဝ ရဲ့တင်ပြချက်ပေါ့။ အဲဒါကိုကြည့်ရင်မှန်တဲ့ အချက်တွေလည်း ရှိနိုင်တယ်။ ဘာလို့ပြောနိုင်လည်းဆိုတော့ လတ်တလောလည်းဖြစ်နေတဲ့ ငွေလဲလှယ်မှုနှုန်းထားတွေပေါ့။ မြန်မာပြည်ရဲ့ ကျပ်ငွေက နည်းနည်းကျဆင်းမှုတွေဖြစ်နေတော့ အဲဒီအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိတယ်။ နောက်တစ်ခုကလည်း လက်ရှိစီးပွားရေးက တဖြည်းဖြည်းနဲ့ မလုပ်ရဲမကိုင်ရဲ ဖြစ်တာတွေရှိတယ်"ဟု ဦးဇော်မင်းဝင်းက ပြောဆိုသည်။

ခက်ခဲမှုရှိ

******

ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသူများနည်းပါးနေခြင်း၊ ခရီးသွားလုပ်ငန်းများကျဆင်းနေခြင်း၊ ပို့ကုန်ထက်သွင်းကုန်ပမာဏ များပြားခြင်း၊ ငွေကြေးမတည်ငြိမ်ခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် ခက်ခဲမှုများရှိလာနေခြင်းဖြစ်သည်။

ကျဆင်း

******

စီးပွားရေးလုပ်ငန်းရှင် ၂၅၀ဝ ကျော်ကို ကောက်ယူထားသည့် မြန်မာ့စီးပွားရေးအချက်အလက်များ( Myanmar Business Survey) ကို 2nd B4B Insights Forum 2018 ၂၀၁၈ အခမ်းအနားကို UMFCCI တွင် သြဂုတ် ၂၅ ရက်၌ ကျင်းပခဲ့ပြီး ဆွေးနွေးချက်များအရ မြန်မာ့စီးပွားရေးကျဆင်းလျက်ရှိကြောင်း သိရသည်။

B4B Insights Forum တွင် မတူညီသော စီးပွားရေးကဏ္ဍကိုးခုမှ လက်ရှိမြန်မာ့ စီးပွားရေးအခြေအနေနှင့် အခက်အခဲများ၊ အခက်အခဲများကိုကျော်လွှားနိုင်ဖို့ အကြံပြုချက်များ စသည်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

"ယခုနှစ် ဒုတိယအကြိမ်စစ်တမ်းမှာ ဖြေဆိုထားတဲ့လုပ်ငန်းပေါင်း ၂၅၃၅ ခုအထိ ရှိလာပါတယ်။ ဒါကြောင့် ယခုလက်ရှိ လုပ်ငန်း အခြေအနေများက တိတိကျကျနဲ့ ပို၍ထင် ဟပ်စေပါတယ်"ဟု ဦးမိုးကျော်က ပြောဆိုခဲ့သည်။

တွက်ချက်ထား

******

ဒုတိယအကြိမ်စစ်တမ်းတွင် စီးပွားရေးလုပ်ငန်း ၃၁၄၅၅၂ မှ ဖြေဆိုသည့် လုပ်ငန်းပေါင်း ၂၅၃၅ ခု၏ဖြေဆိုချက်များကို အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။ ဖြေဆိုထားသည့် စီးပွားရေးလုပ်ငန်းများမှာ ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်/သွင်းကုန် ကဏ္ဍတို့က ဖြေဆိုထားခြင်းဖြစ်သည်။

ပြည်တွင်းငွေပေးချေမှု

******

ပြည်တွင်း၌ အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေမှုများကို တားမြစ်ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူမှုများဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ် ကြောင်း မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ပြည်တွင်း၌ ဒေါ်လာသုံးစွဲမှု မပြုလုပ်ရန် မြန်မာနိုင်ငံ ဗဟိုဘဏ်က ညွှန်ကြားစာများ ထုတ်ပြန်ထားသော်လည်း လိုက်နာမှု အားနည်းသဖြင့် အရေးယူသင့်ကြောင်း UMFCCI ၏ အစိုးရထံ တင်ပြချက်တွင် ပါဝင်သည်။

၂၀၁၅ က ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်ငွေတန်ဖိုးကျချိန်တွင် ဗဟိုဘဏ်က ပြည်တွင်း၌ ဒေါ်လာသုံးစွဲမှု လျှော့ချရေး ငွေပေးချေမှုများကို ကျပ်ငွေတစ်မျိုးသာ သုံးစွဲရန် ညွှန်ကြားစာထုတ် ပြန်ခဲ့သည်။

ပြည်ပမှ ကားတင်သွင်းရန် ကြိုတင်ငွေပေးသွင်းရာတွင်ကန် ဒေါ်လာဖြင့် ပေးဆောင်နေရခြင်းကို ကျပ်ငွေဖြင့် ပြောင်းလဲပေး ဆောင်စေခဲ့သည်။ ဗဟိုဘဏ်ညွှန်ကြားချက်ကို အစိုးရက လိုက်နာဆောင်ရွက်ခဲ့သော်လည်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းအချို့က လိုက်ပါပြောင်းလဲခြင်းမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ထို့ကြောင့် လက်ရှိကန်ဒေါ်လာတန်ဖိုး မြင့်တက်ပြီး မတည်မငြိမ်ဖြစ်နေချိန်တွင် ဒေါ်လာသုံးစွဲမှု လျှော့ချနိုင်ရန် UMFCCI က အထက်ပါအချက်အပါအဝင် ၁၂ ချက်ကို အစိုးရထံ အကြံပြုတင်ပြထားကြောင်း အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင် လေးက ပြောသည်။

‘‘ပြည်တွင်းမှာ ဒေါ်လာဈေး အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ရင် လည်း အကြံပြုတင်ပြဖို့တွေရှိပါတယ်’’ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

တရားဝင်ကုန်သွယ်ရေး

******

ထို့အပြင် တရားဝင်ကုန်သွယ်ရေးဖြစ်လာစေရန် ကုန်သွယ်ဖက်နိုင်ငံများနှင့် ဦးစားပေး ညှိနှိုင်းဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်မှုတွင် ဘဏ်များတွင် ကျယ်စွာ အသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် အကြံပြုချက် ၁၂ ချက်တွင် ပါဝင်သည်။

ပြည်တွင်း၌ ထုတ်လုပ်နေသော ကုန်ပစ္စည်းများ ပြည်ပမှ တင်သွင်းမည်ဆိုပါက ခွဲတမ်းသတ်မှတ်ချက်၊ အခွန်နှင့် အကောက်ခွန်စနစ်တို့ဖြင့် ထိန်းရန်လည်း အကြံပြုထားသည်။

နိုင်ငံခြားဘဏ်များမှ ကုန်သွယ်ရေးချေးငွေစနစ် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်၊ ကုန်သွယ်ဖက်နိုင်ငံများနှင့် ညှိနှိုင်း၍ ကုန် ပစ္စည်းများ ရောင်းဝယ်ရာတွင် ကန်ဒေါ်လာအစား သက်ဆိုင်ရာ နိုင်ငံ၏ ငွေကြေးကို အစားထိုးသုံးစွဲရန်၊ ဘဏ်တစ်ဘဏ်နှင့် တစ်ဘဏ်အကြား ငွေကြေးဈေးကွက် ပိုမိုဖွံ့ဖြိုးစေရေး ဗဟိုဘဏ်က ဆောင်ရွက်ပေးရန်တို့လည်း ပါဝင်သည်။

ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေးသည့်အနေဖြင့် အခွန်သက်သာခွင့်၊ ဦးစားပေးအစီအစဉ်များ ဆောင်ရွက်ပေးရန်နှင့် အမျိုးသား ပို့ကုန် မဟာဗျူဟာကို ဖွဲ့စည်းပြီး နိုင်ငံတကာသို့ ထိုးဖောက်၍ ကုန်သွယ်ရေးညှိနှိုင်းမှုများ ဆောင်ရွက်ရန်တို့လည်း အကြံပြုချက် တွင် ပါဝင်သည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ လုပ်ခလစာငွေ ပြည်တွင်းသို့ အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်နိုင်ရေး ပုဂ္ဂလိက နိုင်ငံခြားငွေလွှဲလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခွင့်ပေးရန်၊ မြေအသုံးချမှုအပါအဝင် ခက်ခဲနေသော စီးပွားရေးလုပ်ငန်းများကို လွယ် ကူလျင်မြန်စွာ ဆောင်ရွက်ပေးရန်၊ ပြည်ပပို့ကုန်လုပ်ငန်းများအတွက် အကောက်ခွန်ဦးစီးဌာနဝန်ထမ်းအင်အား တိုးချဲ့ပြီး ပိတ် ရက်မရှိ ဝန်ဆောင်မှုပေးနိုင်ရေး စီစဉ်ပေးရန်၊ အသေးစားငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ပြည်ပမှ ချေးငွေများ၊ မ,တည်ရင်းနှီးငွေ များ ဝင်ရောက်လာမှုကို ဗဟို ဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက လျင်မြန်စွာ စိစစ် ခွင့်ပြုပေးရန် စသည့်အချက်များ အကြံပြုထားသည်။

UMFCCI က အစိုးရထံ တင်ပြသည့် အချက် ၁၂ ချက်နှင့်ပတ်သက်၍ ဩဂုတ်အတွင်း အစည်းအဝေးအချို့ ပြုလုပ်ပြီး ညီနောင်အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းချုပ်မှ အလုပ်အမှုဆောင်များ၏ အကြံပြုချက်များ ကိုစုပေါင်းတင်ပြခြင်းဖြစ်သည် ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။

Myanmar times/ 7day

Local News Read 4563 times