စီးပွားရေးလုပ်ငန်းများအား အကာအကွယ်ပေးနိုင်မည့် မူပိုင်ခွင့်ဥပဒေသစ် ပြဌာန်း


08 February, 2019

စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ ကာလရှည်စောင့်မျှော်ခဲ့ကြရသော ဥပဒေနှစ်ရပ်ကို ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်အတွင်း ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းပေးခဲ့ပါတယ်။  မူပိုင်ခွင့်ဆိုင်ရာ ဥပဒေလေးရပ်အနက်မှ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စက်မှု ဒီဇိုင်းမူပိုင်ခွင့်ဥပဒေတို့ကို ပြဌာန်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

မူပိုင်ခွင့် (Intellectual Property Right) ကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့်အရေးဟု ပြဌာန်းထားပြီး ထိုအထဲတွင် စာပေနှင့် အနုပညာမူပိုင်ခွင့်၊ တီထွင်မှု မူပိုင်ခွင့်၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်နှင့် အခြားသော မူပိုင်ခွင့်အမျိုးအစားများလည်းပါဝင်တယ်။

မူပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းလေးရပ်ကို တပ်မတော် အစိုးရလက်ထက်ကတည်းက ပြဌာန်းနိုင်ရန် ကြိုးပမ်းခဲ့ကြပြီး ယခင်အစိုးရလက်ထက်တွင်မူ ဥပဒေမူကြမ်းလေးရပ် ထွက်ရှိခဲ့ပါတယ်။ လက်ရှိအစိုးရလက်ထက်  ၂ဝ၁၉၊ ဇန်နဝါရီ ၃ဝ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့်  စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဌာန်းနိုင်ခဲ့ပါတယ်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ်တို့တွင် ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ဝန်ဆောင်မှု အမှတ်တံဆိပ်၊ စုပေါင်းပိုင်အမှတ်တံဆိပ်၊ အသိအမှတ်ပြု အမှတ်တံဆိပ်၊ ဒေသဆိုင်ရာအညွှန်း၊ ကျော်ကြားသော အမှတ်တံဆိပ်တို့ ပါဝင်ပါတယ်။ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေအရ စက်မှုထုတ်ကုန်၊ လက်မှုထုတ်ကုန်တို့၏  အပြင်ပန်းပုံသဏ္ဌာန်များ၊ အစိတ်အပိုင်းများ၊ ရုပ်ပုံ/ပုံနှိပ်စာလုံး၊ ထုပ်ပိုးမှုနှင့် အပြင်အဆင်တို့ ပါဝင်ပါတယ်။

ဥပဒေများ မပြဌာန်းမီက စီးပွားရေးနယ်ပယ်တွင် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်များ၊ အမှတ်တံဆိပ်များ၊ ဒီဇိုင်းများကို သူတစ်ပါးမှ ပုံတူကူးချခြင်း၊ ဆင်တူယိုးမှားဆောင်ရွက်ခြင်းစသည့် အသိဉာဏ်မူပိုင်ခွင့် အခွင့်အရေး ချိုးဖောက်ခံရပါတယ်။ ထို့ပြင် နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် သွားရောက်ပြသပြီး အရောင်းအဝယ် သဘောတူညီမှုများ ရရှိခဲ့သော်လည်း မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ထားခြင်းမရှိခြင်းကြောင့် အကျိုးအမြတ် လျော့ရရှိခြင်းစသည့် အခက်အခဲများ ကြုံရပါတယ်။

''အားလုံးခြုံကြည့်မယ်ဆိုရင် ပြဌာန်းဥပဒေအဖြစ် ခိုင်ခိုင်မာမာ ပေါ်ပေါက်လာတဲ့အတွက်ကြောင့် ကောင်းတဲ့အချက်ပါ။ အဓိကက နိုင်ငံတကာစံတွေနဲ့အညီ ရေးဆွဲထားတာဖြစ်တော့ ကျွန်တော်တို့အတွက် အလွန်ကောင်းသွားပြီလေ။ အာဏာသက်ရောက်ရင် ဥပဒေနဲ့အညီ အကာအကွယ်တွေရပြီ''ဟု မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးသိန်းအောင်က ပြောပါတယ်။

ယခုပြဌာန်းလိုက်သည့် ဥပဒေ အာဏာမသက်ရောက်မီက  မှတ်ပုံတင်ထားသော  စာချုပ်စာတမ်းများကို မှတ်ပုံတင်ရုံးတွင်  ပြန်လည်မှတ်ပုံတင်ရမှာပါ။  မူပိုင်ခွင့်ဆိုင်ရာ ဥပဒေလေးရပ်အနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ ပြဌာန်းနိုင်ခဲ့ပြီး ဖြစ်သော်လည်း စာပေနှင့်အနုပညာ မူပိုင်ခွင့်နှင့်တီထွင်မှုမူပိုင်ခွင် ဥပဒေများမှာမူ ပြဌာန်းရန် ကျန်ရှိနေဆဲဖြစ်ပါတယ်။ အဆိုပါဥပေဒမူကြမ်းနှစ်ခုကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ကျန်ရှိနေပါတယ်။

The Myanmar Times

Laws and Regulations Read 672 times