အရက်ချက်လုပ်ငန်းများအတွက် တရုတ်မှ အဝယ်များနေသည့် မြန်မာ့နှံစားပြောင်း


28 December, 2017

နှံစားပြောင်းများကို တရုတ်ကုန်သည်များမှ အရက်ချက်လုပ်ရန် ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်သွက်နေကြောင်း မန္တလေးမြို့အခြေစိုက်ကုန်သည်များက ပြောကြားပါသည်။

နည်းပညာများအသုံးပြုပြီး အရက်ချက်သည့်အတွက် တရုတ်မှ ထွက်သမျှဝယ်ယူနေသောကြောင့် နှံစားပြောင်းစျေးမှာ ပဲစင်းငုံစျေးနှင့် စျေးတူသည့်အထိ စျေးတက်လာကြောင်းသိရပါသည်။

နှံစားပြောင်းများအား မြန်မာနိုင်ငံတွင် နွားစာကျွေးရန်အတွက်သာ စိုက်ပျိုးကြခြင်းကြောင့် အရေအတွက်အားဖြင့် သိသာစွာထုတ်လုပ်ခြင်း မရှိကြောင်း၊ နှံစားပြောင်းဖြင့် အရက်ချက်လုပ်ခြင်းကို ပြုလုပ်ကြသော်လည်း လီရှောလူမျိုးများကသာထိုကဲ့သို့ ပြုလုပ်ကြပြီး အခြားသောပြည်တွင်းရှိ အရက်ချက်လုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် သုံးစွဲခြင်းမရှိကြသဖြင့် အရောင်းအဝယ် နည်းပါးခဲ့သော်လည်း ယခုအခါ တရုတ်ကုန်သည်များက ဝယ်ယူမှုပြုလုပ်လာခြင်းကြောင့်စျေးကွက်ကောင်းမွန်လာခြင်းဖြစ်ကြောင်း သိရပါသည်။

နှံစားပြောင်းအား အထက်မြန်မာပြည်တွင် မုံရွာ၊ ကျောက်ဆည်၊ မကွေး၊ ပခုက္ကူ၊ စစ်ကိုင်း စသည့် ဒေသများတွင်  အများဆုံးစိုက်ပျိုးလျက်ရှိသော်လည်း အရေအတွက်အားဖြင့် များစွာမရှိကြောင်း၊ ယခုအခါ စျေးကွက်ရှိလာသည့်အတွက်တိုးမြှင့်စိုက်ပျိုးမှု ပြုလုပ်ရန်လိုအပ်ကြောင်း သိရပါသည်။

အရက်ချက်လုပ်ရန် နှံစားပြောင်းကို ဝယ်ယူလာကြပြီး ကုန်ချောထုတ်လုပ်ရခြင်းဖြစ်သဖြင့် စျေးကောင်းပေးဝယ်ယူမှုရှိနေသော်လည်း မြန်မာနိုင်ငံ၏ ပြောင်းမှာ အရည်အသွေးပိုင်း၊ စိုက်ပျိုးထုတ်လုပ်မှုများတွင် နည်းပညာပိုင်းများလိုအပ်နေသောကြောင့်ထိုအရာများကိုပြင်ဆင်ပြီး နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်ရန်လိုကြောင်းသိရပါသည်။

နှံစားပြောင်းမှာ စက်တင်ဘာလတွင် စိုက်ပျိုးပြီး ဒီဇင်ဘာလအတွင်း ရိတ်သိမ်းနိုင်ခြင်းကြောင့် စျေးကွက်အတွင်းသို့ရောက်ရှိလာကြောင်း၊ စျေးနှုန်းအနေဖြင့် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၃၂၀၀၀ ဝန်းကျင်ခန့်ဖြင့် စျေးဖွင့်ရောင်းချနေကြောင်း၊စျေးနှုန်းသိသာစွာ မြင့်တက်မှုမရှိသော်လည်း အဝယ်သွက်နေကြောင်း သိရပါသည်။

ယခုကဲ့သို့ စျေးကွက်ကောင်းမွန်လာခြင်းကြောင့် တိုးချဲ့စိုက်ပျိုးခြင်းအပြင် နည်းပညာရယူကာ အရက်ထုတ်လုပ်ခြင်းကို ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် လုပ်ဆောင်ကြစေလိုကြောင်း၊ သို့မှသာ ပြည်တွင်းမှ ထွက်ရှိသော သီးနှံဖြင့် ကုန်ချောထုတ်လုပ်နိုင်ကာပြည်တွင်းတွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ခြင်း၊ ပြည်ပသို့ တင်ပို့နိိုင်ခြင်းများကြောင့် ကုန်သွယ်မှု ဝင်ငွေပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရပါသည်။

နှံစားပြောင်းကို တရုတ်ကုန်သည်များက ဝယ်ယူနေခြင်းကြောင့် တစ်တန်လျှင် ကျပ် ၃၄၀၀၀၀ ကျော်စျေးရှိနေကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိ ပဲ၊ ပြောင်း၊ နှမ်း၊ လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့ စျေးနှုန်းထုတ်ပြန်ချက်အရ သိရပါသည်။

မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ပြောင်းများကို တရုတ်နိုင်ငံအပြင် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့လည်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့ ရောင်းချလျက်ရှိပါသည်။

Source:the farmer media

Local News Export, Import Read 878 times