တရုတ်နိုင်ငံမှ သကြား စတင်ဝယ်ယူလာခြင်းကြောင့် ဈေးအနည်းငယ် မြင့်တက်လာ


20 February, 2019

ယခုလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ Re-Export သကြားများအား အနည်းငယ် စတင်ဝယ်ယူလာပြီဖြစ်သည့်အတွက် ပြည်တွင်းသကြား ဈေးနှုန်းများ အနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း မြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။

တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ အနေဖြင့် ယခု ဖေဖော်ဝါရီလအစမှ စတင်ကာ မြန်မာနိုင်ငံမှ သကြားများကို အနည်းငယ် စတင်ဝယ်ယူလာသော်လည်း၊ ပုံမှန်ဝယ်ယူခြင်းရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ ဦးဝင်းဌေးက ပြောပါတယ်။

" ဈေးကွက်ထဲတော့ နည်းနည်းလေး လှုပ်သွားတာပေါ့။ အရင်က သကြားဈေး ငြိမ်နေတာကနေ အခုလိုပြန်ဝယ်ပြီဆိုတော့ ကောင်းတယ်လို့ပဲ သုံးသပ်ရမယ် " ဟု ၎င်းကပြောပါတယ်။ လက်ရှိတွင် ပြည်တွင်းဈေးကွက်အတွင်း ယခင်က သကြား တစ်ပိဿာလျှင် ၁,၀၀၀ ဝန်းကျင်မှ ယခုတွင် ၁,၁၀၀ ကျပ်ဝန်းကျင်သို့ အနည်းငယ် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါတယ်။ တရုတ်နိုင်ငံမှ ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံဘက်မှ သကြားဝယ်ယူမှုကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ စတင်၍ ရပ်ဆိုင်းထားခြင်းမှာ ၅ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သကြားအပါအဝင် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံဘက်မှ တရားမဝင် မှောင်ခိုကုန်သွယ်မှုအဖြစ် သတ်မှတ်ထားသည့်အတွက် တရုတ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး တာဝန်ရှိသူများမှ အဖမ်းအဆီးများ ပြုလုပ်ပါက ပြည်တွင်းသကြား ဈေးကွက်ကို နှစ်စဉ်ထိခိုက်လေ့ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မြန်မာ့သကြားဈေးကွက် အထိခိုက်ဆုံး ဖြစ်ခဲ့ပါတယ်။

A9 Business

Export, Import Read 524 times