၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဆံပင်တင်ပို့မှု၌ တတိယနေရာတွင်ရှိနေ


05 January, 2018

ဆံပင် ပြည်ပတင်ပို့မှုတွင် မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်တွင် တတိယနေရာကို ရရှိခဲ့သည်။ လူ၏ သဘာဝဆံပင်သည် နိုင်ငံတကာ ကုန်သွယ်မှုတွင် ငမ်းငမ်းတက် လိုချင်သည့် ကုန်စည်ဖြစ်သည်။ မည်သည့်အခါမှ သတ်မှတ်ဝယ်ဈေးများဖြင့် ၀ယ်လိုအားကို လုံလောက်အောင် ဖြည့်တင်းနိုင်ခြင်း မရှိချေ။ သို့ဖြစ်ရာ ဆံပင်သည် စီးပွားရေးတန်ဖိုး ရှိသည်။


ဆံပင်များ ဆက်ပြီး ပိုရှည်လျားအောင်ပြုခြင်း၊ ခေါင်းပေါ်တွင် ဆောင်းအုပ်ရန် ဆံပင်တု ပြုလုပ်ခြင်းတို့အတွက် ၀ယ်လိုအား များပြားခြင်း ဖြစ်သည်။ ထိုသို့ အရှည်ဆက်ပေးထားသော ဆံပင်များ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဆံပင်တုများ ရောင်းဝယ်ဖောက်ကားခြင်းတို့ ထည့်မတွက်ဘဲ

သဘာဝအတိုင်းရှိသည့် လူ၏ဆံပင်များ ကမ္ဘာတစ်လွှား ကုန်သွယ်ခြင်းသည် ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၇.၄ သန်း ရှိကြောင်း WTEx (World Top Exports) မှ အခါအားလျော်စွာ ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားသည်။
Harmonized Tariff System ၏ HS Code တွင် ဆံပင်အတွက် ကုဒ်နံပါတ်၏ အစဂဏန်း လေးလုံးမှာ 0501 ဖြစ်သည်။ ၎င်းသည် ဆံပင်ကို ဘာမှ မပြုပြင်ရသေးသော သဘာဝအတိုင်း ရှိနေသည့် ဆံပင်ကို ရည်ညွှန်းသည်။ ခေါင်းမှ ညှပ်ယူထားသည့် အဆင့်ကို ဆိုလိုသည်။

ဆံပင်ကို လျှော်ခြင်း၊ သန့်စင်ခြင်းများ မပြုရသေးသော အခြေအနေဖြစ်သဖြင် ကုန်သွယ်ရေးတွင် လူဆံပင်အကြမ်း Raw human hair ဟု သုံးနှုန်းသည်။

WTEx မှ အမေရိကန်ဒေါ်လာ တန်ဖိုးဖြင့် တွက်ချက်ဖော်ပြထားရာ၌ ဆံပင်ရောင်းအားသည် ၂၀၁၂ ခုနှစ်တွင် ၂၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၅ နှင့် ၂၀၁၆ တို့တွင် ရောင်းအားပြန်တက်ခဲ့ရာ ပျမ်းမျှအားဖြင့် ၂၉.၃ ရာခိုင်နှုန်း ရှိသည်။

ဒေသအပိုင်းအခြားအရ ကြည့်လျှင် အာရှနိုင်ငံများသည် လူဆံပင် ပြည်ပတင်ပို့မှု အမြင့်မားဆုံး ဖြစ်သည်။ ၂၀၁၆ ခုနှစ်အတွင်း တင်ပို့ခဲ့ကြသည်မှာ အမေရိကန်ဒေါ်လာ ရ၀ ရာခိုင်နှုန်း ရှိခဲ့သည်။ ၎င်းပမာဏသည် တစ်ကမ္ဘာလုံးတင်ပို့သည့် စုစုပေါင်း ပမာဏ၏ ၈၀.၂ ရာခိုင်နှုန်း ရှိသည်။
ဒုတိယနေရာတွင် အာဖရိကတိုက် နေရာယူထားပြီး ဝေစုမှာ ၁၄.၃ ရာခိုင်နှုန်းရှိသည်။ မြောက်အမေရိကမှ မူရင်းနိုင်ငံပြုသော လူဆံပင်တင်ပို့ခြင်းသည် ဝေစု ၄.၁ ရာခိုင်နှုန်း ရှိပြီး ဥရောပမှာ ၁.၂ ရာခိုင်နှုန်း ရှိသည်။

လူဆံပင်အကြမ်း အများဆုံးတင်ပို့သည့် နိုင်ငံများတွင် တတိယနေရာ၌ ရှိနေသည့် မြန်မာနိုင်ငံတွင် ဆံပင်ရောင်းချသူ အားလုံးနီးပါးသည် အမျိုးသမီးများ ဖြစ်ကြသည်။ ဆံပင်ဝယ်ယူခြင်းကို လူသိရှင်ကြား ကြော်ငြာပြီး လုပ်ကိုင်မှု မရှိသလောက် ရှားသည်။ ဆံပင်ကို ရောင်းကုန်အဖြစ်

ရည်ရွယ်ချက်ရှိရှိဖြင့် အရှည်ထားပြီး ရောင်းချသူမျိုးလည်း ရှားသည်။ အချို့မှာ ဆံပင်ကို ရှည်သည်အထိတမင်ထားပြီး ဖြတ်တောက်ကာ လှူဒါန်းကြသည်။ ဆံပင် အလှူခံပြီး ပြန်လည်ရောင်းချကာ ရရှိလာသည့် ငွေဖြင့် လမ်းတံတားဖောက်ရန် ကမကထ ပြုနေသော အဖွဲ့ထံသို့ ဆံပင်သွားလှူကြသည်များလည်း ရှိသည်။ အချို့မှာ ရှိတန်ဆာ မရှိ၀မ်းစာ ဆိုသည့်အတိုင်း ငွေအရမ်းလိုအပ်သည့်အခါ ဆံပင်ဖြတ်ရောင်းခြင်းဖြင့် ဖြေရှင်းကြသည်။

ဆံပင်ကို ၀ယ်ယူသည့်အခါ အလျားသတ်မှတ်ချက်ပြုရာ၌ မြန်မာ့ရိုးရာ အတိုင်းအတာကို သုံးစွဲကြသည်။ ယေဘုယျအားဖြင့် ဆံပင်သည် ဈေးကောင်းရလိုပါက အနည်းဆုံး အလျား တစ်တောင်ကျော် ရမည် ဖြစ်သည်။ ဆံပင်အသားကို ကြည့်ပြီး ဈေးအနည်းအများကို မျက်မြင်စစ်ဆေးခြင်းဖြင့်

အဆုံးအဖြတ်ပြုသည်။ ၀ယ်ယူသူကသာ ဆုံးဖြတ်မည် ဖြစ်သည်။ ချိန်ခွင်ဖြင့် ချိန်တွယ်ကြည့်ပြီး ၀ယ်ယူသော်လည်း ကျပ်သားအလေးကို သုံးစွဲခြင်းမပြုချေ။ ၀ယ်ယူသူမှ စံထားသည့် အလေးဖြင့် ချိန်တွယ်ကြည့်ပြီး မည်မျှပေးသင့်သည်ကို ဈေးဆုံးဖြတ်ပေးမည် ဖြစ်သည်။ အမျိုးသမီးတစ်ဦး

ဆံပင်ဖြတ်ရောင်းပါက များသောအားဖြင့် အများဆုံး ကျပ်သုံးသောင်းဝန်းကျင်အထိ ရရှိသည်။

စာရင်းတွင် ဖော်ပြထားသည့် ၂၀၁၆ ခုနှစ်တွင် တန်ဖိုးပမာဏအရ လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု အများဆုံး ၁၅ နိုင်ငံသည် တစ်ကမ္ဘာလုံးအတွက် လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု ပမာဏစုစုပေါင်းတွင် ဝေစု ၉၈.၉ ရာခိုင်နှုန်း ရှိပေရာ ကျန်သည့်ဝေစုမှာ မပြောပလောက်သော ပမာဏ ဖြစ်သည့်

၁.၁ ရာခိုင်နှုန်းသာ ရှိကြောင်း တွေ့ရသည်။
စာရင်းတွင် တစ်နိုင်ငံချင်းအရ နိုင်ငံ၊ လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု တန်ဖိုးအမေရိကန်ဒေါ်လာ သန်းပေါင်းနှင့် လက်သည်းကွင်းဖြင့် ဖော်ပြထားသော တစ်ကမ္ဘာလုံးအတွက် လူဆံပင်အကြမ်း ပြည်ပတင်ပို့မှု ပမာဏစုစုပေါင်းတွင် ဝေစုရာခိုင်နှုန်းတို့ကို အစဉ်အတိုင်း ဖော်ပြထားပါသည်။

၁။ အိန္ဒိယ ၆.၉ (၆၅.၂)
၂။ တူနီးရှား ၁၂ (၁၃.၈)
၃။ မြန်မာ ၅ (၅.၈)
၄။ အမေရိက ၃.၆ (၄.၁)
၅။ စင်ကာပူ ၂.၉ (၃.၃)
၆။ ပါကစ္စတန် ၁.၅ (၁.၇)
၇။ အင်ဒိုနီးရှား ၁.၃ (၁.၅)
၈။ ဟောင်ကောင် ၀.၇၆ (၀.၉)
၉။ ဗီယက်နမ် ၀.၆၂ (၀.၇)
၁၀။ တောင်အာဖရိက ၀.၄၅ (၀.၅)
၁၁၊ ယူကေ ၀.၃၈ (၀.၄၄)
၁၂။ အစ္စရေး ၀.၃၅ (၀.၄)
၁၃။ အူဘာကစ္စတန် ၀.၂၁ (၀.၂၄)
၁၄။ ယူကရိန်း ၀.၂၁ (၀.၂၃)
၁၅။ ဂျပန် ၀.၂ (၀.၂)

စာရင်းတွင် ပါ၀င်သည့် နိုင်ငံများတွင် ၂၀၁၂ ခုနှစ်မှစ၍ တင်ပို့မှု တန်ဖိုးပမာဏ ဆက်တိုက်ကြီးထွားခဲ့သည်မှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်သည်။ ရာခိုင်နှုန်းအားဖြင့် ၃,၄၂၂ ရာခိုင်နှုန်း ဖြစ်သည်။ ကြီးထွားနှုန်း အမြင့်မားဆုံး ဒုတိယနေရာတွင် စင်ကာပူနိုင်ငံ ရှိနေပြီး ၉၁၄.၉ ရာခိုင်နှုန်း ဖြစ်သည်။

ဂျပန်နိုင်ငံသည် တတိယနေရာတွင် ရှ်ိနေပြီး ရ၆၅.၂ ရာခိုင်နှုန်း ဖြစ်သည်။ စတုတ္ထနေရာ၌ မြန်မာနိုင်ငံ ရှိနေပြီး ၃၅၈ ရာခိုင်းနှုန်း ရှိပေရာ သုံးဆခွဲ ပိုမိုများပြားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် တင်ပို့မှု အများဆုံး ဖြစ်သော်လည်း တင်ပို့မှုတန်ဖိုးပမာဏအရ ၂၇.၃ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ အလားတူပင် ဒုတိယနေရာတွင် ရှိနေသော တူနီးရှားနိုင်ငံသည်လည်း ၂၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထိုစာရင်းတွင် နံပါတ်(၈) နေရာတွင် ရှိနေသော ဟောင်ကောင်သည်

ကျဆင်းနှုန်း အမြင့်မားဆုံးဖြစ်ပြီး ၉၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

တစ်ကမ္ဘာလုံး ကုန်သွယ်ရေး ပလက်ဖောင်းဖြစ်သည့် အွန်လိုင်းဈေးရောင်းလုပ်ငန်း Alibaba နှင့် ချိတ်ဆက်ကာ လူဆံပင်အကြမ်း ရောင်းချကြသည့် ကုမ္ပဏီများတွင် ထင်ရှားသည့်ကုမ္ပဏီအချို့မှာ

B & K Import & Export (အမေရိက)၊

Business-Salon Group Ltd (ယူကရိန်း)၊

Evergreen Products Factory Ltd (ဟောင်ကောင်)၊
GRV Exports (အိန္ဒိယ)၊

Rawhair Import Export Company (ဗီယက်နမ်)၊

UNICS Co, Ltd (ဂျပန်)၊

Waheed Universal Hair Company (ပါကစ္စတန်)၊

Widya International (အင်ဒိုနီးရှား)

တို့ ဖြစ်သည်။

Export, Import Read 827 times