လက်ရှိအစိုးရလက်ထက်တွင် ခေါ်ယူနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ဒါများ


05 February, 2021

ပြည်တွင်းရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၃၃ ကွက်ကို မကြာမီ တင်ဒါခေါ်ယူမယ်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုုပ်နှံမှုပြပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


ဝန်ကြီးဌာနဟာ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်နဲ့ ကမ်းလွန်လုပ်ကွက် ၁၅ ကွက်၊ စုစုပေါင်း ၃၃ ကွက်တို့ကို တင်ဒါခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ယခု တင်ဒါဟာ ၂ဝ၁၄ ခုနှစ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တင်ဒါများ ခေါ်ယူခဲ့ပြီးနောက် လက်ရှိ အစိုးရလက်ထက်မှာ ပထမဦးဆုံးအကြိမ် လုပ်ကွက်တင်ဒါများ ခေါ်ယူခြင်း ဖြစ်ပါတယ်။

တင်ဒါလုပ်ငန်းစဉ်များကို လာမယ့် မတ်လကုန် မတိုင်မီ အပြီးသတ်နိုင်ရန် ဆောင်ရွက်နေတယ်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်အသစ် တင်ဒါခေါ်ယူရာမှာ လွယ်ကူချောမွေ့မယ့် သတ်မှတ်ချက်များ၊ ရှင်းလင်းသော တင်ဒါလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်မယ်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုညွှန်ကြားရေးမှူးဦးဉာဏ်ထွန်းက ပြောပါတယ်။

အစိုးရက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်များ တင်ဒါခေါ်ယူရာမှာ ရင်းနှီးမြှုုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတို့အကြား ချုပ်ဆိုရတဲ့ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) ကို ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ထားတယ်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်ဥက္ကဌ ဦးသောင်းထွန်းက ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် စုစုပေါင်း ၁ဝ၄ ကွက် ရှိပြီး ကမ်းလွန်မှာ ၅၁ ကွက်နဲ့ ကုန်းတွင်းပိုင်းမှာ ၅၃ ကွက် ရှိနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စာရင်းများအရ သိရပါတယ်။

 

မြန်မာနိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်များစွာရှိတဲ့ နိုင်ငံဖြစ်ပြီး ရင်းမြစ်တည်နေရာများကတော့ ရခိုင်၊ ဟူးကောင်း၊ ချင်းတွင်း၊ ရွှေဘို၊ မုံရွာ၊ မြန်မာပြည် အလယ်ပိုင်း၊ ပြည်၊ ဧရာဝတီ၊ ပဲခူးရိုးမ၊ စစ်တောင်း၊ ကရင်၊ မွန်၊ ရှမ်း၊ တနင်္သာရီ၊ မုတ္တမကမ်းလွန်၊ တနင်္သာရီကမ်းလွန်နဲ့ ရခိုင်ကမ်းလွန်တို့ဖြစ်ပါတယ်။ ရခိုင်၊ မုတ္တမနဲ့ တနင်္သာရီတို့မှာ ရှာဖွေတွေ့ရှိမှု များပြားသောဒေသများဖြစ်ပါတယ်။ 

 

The Myanmar Times

Myanmar Industry Directory

Local News Read 416 times