ပျက်စီးယိုယွင်းနေသည့် ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍတစ်ခုလုံးကို ပြန်လည်ကုစားပေးနိုင်မည်ဟု မျှော်လင့်ရသည့် ကျောက်မျက်မူဝါဒ (Gemstone Policy) ကိုအစိုးရက ဦးဆောင်ကာ ပထမဆုံးအကြိမ်ရေးဆွဲနေပြီး တတိယမူကြမ်းအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။
မူဝါဒတွင် ပါဝင်သည့်အချက်များ
*******************
သက်ဆိုင်ရာဝန်ကြီးဌာနများက ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ စီအက်စ်အိုအဖွဲ့များ၊ MATA ၊ NRGI စသည့်အဖွဲ့များက အဆိုပါ မူဝါဒကို ပါဝင်ရေးဆွဲနေပြီး အမေရိကန်၊USAID ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများလည်း ပါဝင်လာသည်။ရေးဆွဲနေဆဲဖြစ်သော ကျောက်မျက်ရတနာမူဝါဒတွင်အဓိကအချက် ငါးချက်ပါဝင်ပြီး လိုင်စင်များ ခွင့်ပြုခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ထုတ်လုပ်မှုနှင့်ဆိုင်သော မူဝါဒများ၊ အခွန်စနစ်များဖြင့် ရလာသောငွေများကို မည်ကဲ့သို့ စီမံခန့်ခွဲမည်ဆိုသည့်ကဏ္ဍ၊ တန်ဖိုးမြင့်ထုတ်ကုန် ကျောက်အချောထည်ပြုလုပ်၍ ဈေးကွက်ရှာဖွေသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပါဝင်သည်။
အခြားအချက်တစ်ခုအနေဖြင့် သဘာဝပတ်ဝန်းကျင် နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများကို စီမံခန့်ခွဲမည့် မူဝါဒပါဝင်ကာ ယင်းအချက်များကို ဝိုင်းဝန်းဆောင်ရွက်ကြမည့်အုပ်ချုပ်စီမံရေးနှင့်ဆိုင်သော ပြဌာန်းချက်များ ပါဝင်မည်ဟု အကြံပေးအဖွဲ့အဖြစ် ပါဝင်သည့် NRGI မှ Myanmar Country Manager ဦးမော်ထွန်းအောင်က ပြောသည်။ ထိုသို့ ရေးဆွဲထားသည့် ကျောက်မျက်မူဝါဒအတိုင်း လုပ်ဆောင်မည်ဆိုပါက ကျောက်မျက်ကဏ္ဍတွင် မည်သူများလုပ်ကိုင်နေပြီး အစိုးရအနေဖြင့် အခွန်အခများ မည်မျှရနေသည်၊ ပတ်ဝန်းကျင်နှင့် လူမှုဘဝပျက်စီးမှုများ မည်မျှရှိသည်၊ အကျိုးအမြတ်များ မည်မျှရနေသည်ကို မြင်သာသောစနစ်တစ်ခုဖြစ်လာမည်ဟု ၎င်းက ပြောသည်။
ဆွေးနွေးပွဲများ
*********
မူဝါဒမရေးဆွဲခင် မြစ်ကြီးနား၊ မိုးကုတ်၊ မန္တလေးနှင့်မုံရွာမြို့တို့တွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတကာကနားလည်တတ်ကျွမ်းသောပညာရှင်များ၏အတွေ့အကြုံနှင့် ပြည်တွင်းက ဆွေးနွေးချက်များကို ပေါင်းစပ်ကာ မူဝါဒမူကြမ်းများကို ပြုစုခဲ့သည်။ကျောက်မျက်မူဝါဒကို ဌာနဆိုင်ရာ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူထုအသံတို့ကိုနားထောင်ကာ ရေးဆွဲထားခြင်းဖြစ်သည့်အတွက် ညီညွတ်မျှတသည့် မူဝါဒထွက်ပေါ်လာပါက ဥပဒေ၊ နည်းဥပဒေများ ဖော်ဆောင်ရာတွင်လည်း အထောက်အပံ့ဖြစ်နိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးဦးအောင်ညွန့်သိန်းက ပြောသည်။
ယခုလက်ရှိ ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍအခြေအနေ
**********************************
လက်ရှိတွင် ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍတွင်ဥပဒေ၊ နည်းဥပဒေသာရှိပြီး မူဝါဒမရှိပေ။ ရှိခဲ့သောဥပဒေ၊နည်းဥပဒေများကိုလည်း ၂ဝ၁၇ ခုနှစ်တွင် အသစ်ပြန်လည်ပြင်ဆင်ရေးဆွဲခဲ့ပြီး လွှတ်တော်တွင် တင်ပြထားဆဲဖြစ်ကာ အတည်ပြုထွက်ရှိလာခြင်း မရှိသေးပေ။
''ပုံမှန်ဆိုရင် မူဝါဒအပေါ်မှာ ဥပဒေ၊ နည်းဥပဒေရေးဆွဲပြီး အကောင်အထည်ဖော်ရမှာ။ ဒီမှာက အဲဒီလိုမလုပ်ခဲ့ဘူး။ဒါပေမဲ့ ဥပဒေ၊ နည်းဥပဒေတွေကလည်း တစ်ပြေးညီ ပြဌာန်းဆောင်ရွက်နေတာဖြစ်တဲ့အတွက် အဲဒါက တစ်ပိုင်းပေါ့။ ဘာပဲပြောပြော အနာဂတ်မှာ ဥပဒေပြင်ဆင်ချိန်ဖြစ်စေ၊ နည်းဥပဒေရေးဆွဲချိန်ဖြစ်စေ ဒီမူဝါဒက အထောက်အပံ့တစ်ခုဖြစ်ပြီးတော့ ရေရှည်မှာ မူဝါဒတစ်ရပ် ခိုင်ခိုင်မာမာရှိရေးအတွက် ရည်ရွယ်ပါတယ်''ဟု ၎င်းက ပြောသည်။
အစိုးရ၏ ကျောက်မျက်ရတနာမူဝါဒ ရေးဆွဲမှုအပေါ်ဦးမော်ထွန်းအောင်က ''အုပ်ချုပ်စီမံမှု ရှုထောင့်ကပဲကြည့်ကြည့်၊ စီးပွားရေးရှုထောင့်ကပဲဖြစ်ဖြစ် ဒီမူဝါဒကရေးဆွဲသင့်ပါတယ်။ ဆွဲတဲ့အခါမှာလည်း ကဏ္ဍစုံ၊ ထောင့်စုံကပါအောင် တတ်နိုင်သလောက်တော့ လုပ်ခဲ့တယ်လို့မြင်တယ်။ ကျောက်မျက်လုပ်ငန်းရှင်တွေကို တိုင်ပင်သလို မြေပြင်က ရေမဆေးအစုအဖွဲ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက်ကိုယ်စားလှယ်တွေကိုလည်း တိုင်ပင်ခဲ့တာကြောင့် မူဝါဒထဲမှာ အသံစုံပါပါတယ်။ ဒါပေမဲ့ နောက်ဆုံး အဆုံးအဖြတ်ပေးရမှာကတော့ အစိုးရပဲ'' ဟုပြောသည်။
ကျောက်မျက်ကဏ္ဍ ယိုယွင်းရသည့်အကြောင်းအရင်း
*******************************
ထို့ပြင် ကျောက်မျက်ရတနာမူဝါဒ ပေါ်ထွက်လာခြင်း အားဖြင့် ကျောက်မျက်ကဏ္ဍတွင် စည်းမဲ့ကမ်းမဲ့ တူးဖော်မှု များအတွက် ထိန်းချုပ်နိုင်ရန် နည်းလမ်းတစ်ခုဖြစ်လာနိုင်သည်ဟုလည်း ယူဆကြသည်။အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်နှင့် ဟောင်ကောင်တို့သည် မြန်မာနိုင်ငံက ထွက်သည့် ကျောက်စိမ်း၊ ကျောက်မျက်များကို ကုန်ကြမ်းဝယ်ယူ၍ ကုန်ချောလက်ဝတ်ရတနာများပြုလုပ်ကာ နိုင်ငံတကာဈေးကွက်တွင် အလုပ်ဖြစ်နေကြသော်လည်း မြန်မာနိုင်ငံတွင်မူ ကုန်ကြမ်းအဆင့်မှ မကျော်လွန်သေးသည်မှာယခုအချိန်ထိဖြစ်သည်။
ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံ၏ ကျောက်စိမ်း၊ကျောက်မျက်ကဏ္ဍသည် စီးပွားရေးစီမံကိန်းကဲ့သို့ တိတိကျကျ မရှိခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဦးမော်ထွန်းအောင်က ဆိုသည်။လက်ရှိအနေအထားတွင် ကျောက်မျက်ရတနာပြပွဲ တစ်ခုတည်းတွင်သာ ရောင်းချနိုင်ပြီး ကျန်အချိန်များတွင်ဈေးကွက်သို့ ရောင်းချနိုင်သည့် အခွင့်အလမ်းမရှိသည့်အတွက် မှောင်ခိုဈေးကွက်က ရောင်းချမှုမှာ ၈ဝ ရာခိုင်နှုန်းခန့်ရှိသည်ဟု ကျောက်မျက်လုပ်ငန်းရှင် ဦးထွန်းလှအောင်က ပြောသည်။
ကျောက်စိမ်း၊ ကျောက်မျက်များ တရုတ်နိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်နေမှုကို မြန်မာအစိုးရက မထိန်းချုပ်နိုင်သေးသည်မှာ ကာလကြာရှည်နေပြီဖြစ်သကဲ့သို့ တရုတ်အစိုးရကလည်း ယင်းကိစ္စကို မသိကျိုး ကျွန်ပြုနေဆဲဖြစ်ပြီး အဆိုပါအချက်သည် ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍ၏ လစ်ဟင်းနေသည့် ဟာကွက်ကြီးများဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။မည်သို့ပင်ဖြစ်စေ ကျောက်မျက်ရတနာမူဝါဒရှိလာခြင်းအားဖြင့် အစိုးရအနေဖြင့် ဦးဆောင်ကာ ဆောင်ရွက်မည့် လမ်းစဉ်များ ပေါ်ပေါက်လာမည်ဟုဆိုသည်။ သာမန်အကြမ်းထည်များကို ပေါပေါများများ ထုတ်လုပ်နေခြင်းထက် လက်ဝတ်ရတနာ အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာအဆင့်မီပြပွဲများတွင် ပါဝင်ပြသကာ ဈေးကွက်တိုးတက်လာရန် မျှော်မှန်း၍ မူဝါဒကိုရေးဆွဲခြင်းဖြစ်သည်ဟု ဦးမော်ထွန်းအောင်က ပြောသည်။ ကျောက်မျက်ရတနာမူဝါဒ မူကြမ်းရေးဆွဲနေသည့် အချက်အလက်များကို အတည်မပြုနိုင်သေးသော်လည်း လွှတ်တော်သို့ ပေးပို့ထားကြောင်း သိရသည်။
''ဒီမူဝါဒကို ဝန်ကြီးအဖွဲ့က လက်ခံပြီး နိုင်ငံတော်ရဲ့မူဝါဒအနေနဲ့ အတည်ပြုလိုက်ရင်တော့ ကျောက်မျက်ကဏ္ဍနဲ့ပတ်သက်ပြီး တူးဖော်ရေးအရ ဇောင်းပေးတာမျိုး မဟုတ်တော့ဘဲ ဈေးကွက်အရ ဒါကိုအမှီပြုပြီး ပြီးပြည့်စုံတဲ့ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်အနေနဲ့ပါ မျှတတဲ့ပုံစံမျိုးဖြစ်လာမယ်''ဟု ဦးမော်ထွန်းအောင်က ပြောသည်။ဖားကန့်ရှိ သက်တမ်းကုန်လုပ်ကွက်များမှာ ပိတ်သိမ်းသည့် လုပ်ကွက်များ ရှိသကဲ့သို့ လက်တွေ့တွင် ဆက်လက်တူးဖော်နေမှုများလည်းရှိနေကြောင်း၊ ဝန်ကြီးဌာနကလက်တွေ့မြေပြင်တွင် လိုက်လံစစ်ဆေးနိုင်မှုမရှိကြောင်း အမည်မဖော်လိုသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
သက်တမ်းကုန်သွားသည့် လုပ်ကွက်မြေနေရာများကို နိုင်ငံတော်သို့ ပြန်အပ်ရမည်၊ ကျောက်စိမ်းလုပ်ကွက်များတွင် တူးဖော်ထားသည့် ချိုင့်ဝှမ်းကြီးများကို ပြန်လည်မြေဖို့ပေးရမည်ဟု အစိုးရက သတ်မှတ်ထားသည်။ သို့သော်မည်သူကမျှ လုပ်ဆောင်ပေးခဲ့ခြင်း မရှိသည့်အတွက်နောက်ပိုင်းရေးဆွဲသည့်မူဝါဒသည်လည်း ယခင်အတိုင်းသာ ပြန်လည်ဖြစ်သွားလိမ့်မည်ဟု ယုံကြည်နေကြောင်း ဖားကန့်ဒေသခံ ဦးကျော်မြင့်က ပြောသည်။
''သူတို့က ဆွဲတာပဲရှိတာ။ တကယ်တမ်း ဒီမှာ အကောင်အထည်ဖော်တာ မရှိဘူး''ဟု ၎င်းကပြောသည်။ လက်ရှိ ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းများ၊ တူးဖော်မှုများတွင် တာဝန်ယူမှု၊တာဝန်ခံမှုမရှိခြင်းများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့် ဒေသခံများ၏ လူနေမှုဘဝများစွာ ထိခိုက်ကြရသည့်အပြင် နိုင်ငံတော်ကလည်း ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးနစ်နာနေရဆဲဖြစ်သည်။ယင်းတို့ကို ပြန်လည်ကုစားလာနိုင်မည်ဟု မျှော်လင့်ရသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေကောင်းများ ထွက်လာသည့်တိုင် မြေပြင်တွင် အမှန်တကယ် လိုက်ပါလုပ်ဆောင်နိုင်မှုရှိမရှိမှာ စောင့်ကြည့်ရမည့်အနေအထားပင် ဖြစ်သည်။
Myanmar times