ကနေဒါနိုင်ငံမှ Canada Trade Link ကုမ္ပဏီ ဥက္ကဌ Hon. Bryon Wilfert (တိုရမ်တိုအခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်) ဦးဆောင်ပြီး အဖွဲ့ဝင် (၄) ဦးပါဝင်တဲ့ ကနေဒါကုန်သွယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကနေဒါ နှစ်နိုင်ငံအကြား စီးပွားဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နိုင်ဖို့၊ ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများနဲ့ ဧပြီလ ၁ ရက်နေ့မှာ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ ကနေဒါနဲ့ မြန်မာနိုင်ငံအကြား အရှည်တည်တံ့တဲ့ စီးပွားဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် ကနေဒါနိုင်ငံမှာ ကနေဒါ - မြန်မာစီးပွားရေးကောင်စီကို ဇွန်လမှာ ဖွင့်လှစ်ဖို့ရှိကြောင်း ကနေဒါကုန်သွယ်ရေးအဖွဲ့မှ ပြောကြားခဲ့ပါတယ်။
မြန်မာနဲ့ စီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်လိုသဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်တွေအား ကနေဒါစီးပွားရေးလုပ်ငန်းများကို လာရောက်လေ့လာဖို့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ပညာရေးကဏ္ဍမှာ ကနေဒါသင်ရိုးညွှန်းတမ်းအခြေခံတဲ့ အင်္ဂလိပ်၊ ပြင်သစ်ဘာသာတို့ဖြင့် အခြေခံကျောင်းများ ဖွင့်လှစ်နိုင်ဖို့၊ မြန်မာကျောင်းသားများ ကနေဒါနိုင်ငံမှာ ဗီဇာနဲ့ နေထိုင်ခွင့်ကိစ္စများအား ကူညီပေးရေးတို့အတွက်လည်းကောင်း၊ ဘဏ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း အတူပူးပေါင်းလုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းများအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်နှင့် အကြံပေးပုဂ္ဂိုလ် ဦးမြင့်အောင်တို့မှ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။
UMFCCI