ပြီးခဲ့သည့် နိုဝင်ဘာလက သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် ၎င်း၏ကျန်းမာရေးအာမခံကြေးကို ငွေသားဖြင့် မပေးနိုင်ကြောင်းပြောကြားခဲ့သည့် ဗီဒီယိုသည် တရုတ်နိုင်ငံတွင် ပျံ့နှံ့ခဲ့ပြီး မိုဘိုင်းလ်ငွေပေးချေမှုနှင့် ဒီဂျစ်တယ်စနစ်ကြောင့် သက်ကြီးရွယ်အိုများကို ဘေးဖယ်ထားခြင်းတို့ နှစ်ခုကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။
ကုမ္ပဏီများ၊ အသေးစားရောင်းဝယ်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းအရေအတွက် တိုးလာသည်နှင့်အမျှ ငွေသားဖြင့် ငွေပေးချေမှုကို ငြင်းပယ်ခဲ့ပြီး Alipay နှင့် WeChat Pay တို့မှတစ်ဆင့် အွန်လိုင်းငွေပေးချေမှုများလုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်။ ဒီဇင်ဘာလတွင် People’s Bank of China (PBOC) က အမျိုးမျိုးသောအဖွဲ့အစည်းများတွင် ငွေသားအသုံးပြုမှုလမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။၎င်းသည် ယွမ်ငွေလည်ပတ်မှုကို ထိန်းသိမ်းရန်နှင့် ပြည်သူလူထုကို ငွေသားအသုံးပြုခွင့်ကို ကာကွယ်ပေးရန် ရည်ရွယ်သည်။
အဆိုပါလမ်းညွှန်ချက်တွင် ငွေသားအသုံးပြုမှုကို ငြင်းပယ်သောအဖွဲ့အစည်းများကို တိုးမြှင့်စောင့်ကြည့်ရန် ပါဝင်သည်။ ၂၀၂၀ခုနှစ်၏ စတုတ္ထမြောက် သုံးလပတ်တွင် PBOC က ကုမ္ပဏီ ၁၅ ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်း တစ်ခုရှိ တာဝန်ရှိသူများကို ငွေသားအသုံးပြုခြင်း ငြင်းပယ်မှုအတွက် ပြစ်ဒဏ်ပေးခဲ့သည်ဟု သောကြာနေ့က ထုတ်ပြန်သော ဗဟိုဘဏ်အချက်အလက်များအရသိရသည်။ ပြစ်ဒဏ်ချမှတ်ခံရသည့်အဖွဲ့အစည်းများတွင် China Life Insurance ၏ ပြည်တွင်းရုံးခွဲ၊ Beijing Zhongshan Park ၏ စီမံခန့်ခွဲရေးဌာနနှင့် အိမ်ရာစီမံခန့်ခွဲရေးကုမ္ပဏီအချို့ ပါဝင်သည်။ ဒဏ်ငွေအနေဖြင့် ယွမ်ငွေ ၅၀၀ မှ ၅၀၀,၀၀၀ အထိရှိသည်။ POBC ၏ လုပ်ဆောင်ချက်သည် QR ကုဒ်များ အသုံးပြုစေခြင်းနှင့် တိုးတက်လာသော နည်းပညာများကြားတွင် သက်ကြီးရွယ်အိုများကိုကူညီရန် ဗျူဟာတစ်ခုဖြစ်သည်။
တရုတ်နိုင်ငံသည် ဒီဂျစ်တယ်ငွေပေးချေမှုကို လက်ခံသော ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထိပ်တန်းငွေပေးချေမှု ပလက်ဖောင်းနှစ်ခုဖြစ်သော Alipay နှင့် WeChat Pay တို့သည် စူပါမားကတ်များတွင် ဟင်းသီးဟင်းရွက်ဝယ်ယူခြင်းမှ သူဖုန်းစားများကို ငွေလှူသည်အထိ နေရာအနှံ့တွင် အသုံးဝင်သည်။ မိုဘိုင်းလ်ငွေပေးချေမှု ပလက်ဖောင်းများမှတစ်ဆင့် ပြုလုပ်သော အရောင်းအဝယ်များသည် ၂၀၂၀ ၏ ဒုတိယသုံးလပတ်တွင် ယွမ်ငွေ ၅၉.၈ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၈.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ရှန်ဟိုင်းအခြေစိုက် iResearch Consulting Group ၏ အစီရင်ခံစာအရ သိရသည်။ Ant Group ၏ Alipay သည် WeChat Pay နှင့် Tencent Holdings မှ ပိုင်ဆိုင်သော အခြား ငွေပေးချေရေးပလက်ဖောင်းနှင့်အတူ စျေးကွက်၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ထိန်းချုပ်ထားသည်။
ငွေပေးချေမှုစျေးကွက်တွင်းသို့ ဝင်ရောက်လာသော Digital Currency Electronic Payment (DCEP) သည် စီးပွားရေးလှုပ်ရှားမှုတွင် ငွေကြေးနှင့် ဘဏ်မှတ်တမ်းများ၏ အခန်းကဏ္ဍကို ထိန်းသိမ်းရာ၌ အာဏာပိုင်များအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုကို ဖြစ်စေသည်။ စမတ်ဖုန်းပေါ်ရှိ ပိုက်ဆံအိတ်မှတစ်ဆင့် ငွေပေးချေမှုစနစ်ကို ခွင့်ပြုခြင်းသည် အသုံးပြုသူများကို ဒီဂျစ်တယ်ယွမ်ငွေ သိမ်းထားသော ဘဏ်ကတ် ရွေးချယ်ခွင့်ကိုလည်း ပေးမည်ဖြစ်သည်။ ၎င်းသည် ငွေပေးချေမှုအတွက် စမတ်ဖုန်းနှင့် အခြားသော အီလက်ထရောနစ်စက်ပစ္စည်းများအသုံးပြုခြင်း လိုအပ်ချက်ကို ကျော်လွှားနိုင်သည်။