ကျွဲနွားများကို အာမခံထား၍ ငွေချေးယူနိုင်မည်


15 August, 2018

မကြာမီကာလ၌ မြန်မာနိုင်ငံတွင် ကျွဲ၊ နွားများကို အာမခံထားနိုင်သော အာမခံစနစ်တစ်ခု ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က ကျွဲ၊ နွားအာမခံရှိခဲ့ဖူးရာ ယခု ကျွဲ၊ နွားအာမခံသည် ဆယ်စုနှစ်သုံးခုအတွင်း ပထမဦးဆုံး ပြန်လည်ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

မြန်မာ့အာမခံလုပ်ငန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စင်ကာပူအခြေစိုက် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ (FinTech) ကုမ္ပဏီဖြစ်သည့် InfoCorp Technologies နှင့် မြန်မာနိုင်ငံအခြေစိုက် RGK+Z&A Group တို့ပူးပေါင်းပြီး ကျွဲ၊ နွားများကို အာမခံထားနိုင်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်သည် အာမခံတစ်ခုတည်းအတွက်တင်မကဘဲ အာမခံထားသော ကျွဲ၊ နွားများကို အပေါင်ထား၍ ချေးငွေရယူနိုင်မည့် အစီအစဉ်နှင့်လည်း ချိတ်ဆက်နေသည်။

ကျွဲ၊ နွားများကို အာမခံထား၍ ချေးငွေယူနိုင်မည့် အခွင့်အလမ်းရှိလာမည်ဖြစ်ရာ ကျွဲ၊ နွားများပိုင်ဆိုင်သော တောင်သူများသည် ငွေကျပ်သိန်းချီတန်ဖိုးရှိသော ကျွဲ၊ နွားများကို ပိုင်ဆိုင်သော်လည်းအရင်းအနှီးအဖြစ် ငွေကြေးတစ်စုံတစ်ရာ ရယူနိုင်ခြင်း မရှိသော အခြေအနေကို ရှောင်လွှဲလာနိုင်မည်ဖြစ်သည်။

''ကျွန်မတို့ ဒီနှစ်ကုန်မှာ ကျွဲ၊ နွား အာမခံကို စတင်မိတ်ဆက်သွားဖို့ မှန်းထားတယ်''ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

မှတ်ပုံတင်စနစ်

*********

အာမခံထားနိုင်ရန် ကနေဦးအဆင့်တွင် ကျွဲ၊ နွားများ အသိအမှတ်ပြု မှတ်ပုံတင်ခြင်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး InfoCorp Technologies ၏ နည်းပညာကို အသုံးပြု၍ ကျွဲ၊ နွားများကို မှတ်ပုံတင်မည်ဖြစ်သည်။ ကျွဲ၊ နွား တစ်ကောင်ချင်းစီ မှတ်ပုံတင်ရာတွင် ဒစ်ဂျစ်တယ်ချစ်ပ်ပြားတစ်ခုစီ ထည့်သွင်း၍ အသိအမှတ်ပြု မှတ်ပုံတင်ခြင်းကို ပြုလုပ်မည်ဖြစ်သည်ဟု RGK+Z&A Group မှ ဥက္ကဌ ဦးဇေယျမွန်က ရှင်းပြခဲ့သည်။

အဆိုပါမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်သည် ကျွဲ၊ နွား အာမခံစနစ်၏ အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်သည်။

မြန်မာ့အာမခံလုပ်ငန်းသည် ၁၉၈၃ ခုနှစ်တွင် ကျွဲ၊ နွား အာမခံစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ သို့သော် အာမခံထားသော ကျွဲ၊ နွားများနှင့် အာမခံထားရှိခြင်းမရှိသော ကျွဲ၊ နွားများကို တိကျစွာ ခွဲခြားနိုင်ရန် ခက်ခဲခဲ့ပြီး အာမခံလျော်ကြေးပေးရန် ဆောင်ရွက်ရာတွင် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့သည်။ ယင်းကြောင့် မြန်မာ့အာမခံလုပ်ငန်း၏ ကျွဲ၊ နွား အာမခံအစီအစဉ်သည် အရှုံးပေါ်၍ ရပ်နားလိုက်ရသည်။

ပြီးခဲ့သည့်မေလတွင် မြန်မာ့အာမခံလုပ်ငန်းနှင့် InfoCorp Technologies၊ RGK+Z&A Group တို့အကြား အဆိုပါလုပ်ငန်းအတွက် စမ်းသပ်စီမံကိန်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိတွင် စမ်းသပ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

ကျွဲ၊ နွား အာမခံထားမည်

***************

မှတ်ပုံတင်ထားသော ကျွဲ၊ နွားများကို မြန်မာအာမခံလုပ်ငန်းတွင် အာမခံထားနိုင်မည် ဖြစ်သည်။ကျွဲ၊ နွားများကို အာမခံထားခြင်းကြောင့် မွေးမြူရေးတောင်သူများက ကျွဲ၊ နွားများနှင့်ပတ်သက်၍ ဆုံးရှုံးမှုများကို အကာအကွယ်ရယူနိုင်မည်ဖြစ်သည်။ ဆက်လက်၍ အာမခံပစ္စည်းဖြစ်သော ကျွဲ၊ နွားအား အပေါင်ထား၍ ဘဏ်မှ ချေးငွေရယူနိုင်မည်ဖြစ်သည်။

''အကြမ်းဖျင်းတော့ ကျွဲ၊ နွားတစ်ကောင်ရဲ့ မှတ်ပုံတင်အတွက် နှစ်ဒေါ်လာ (မြန်မာကျပ်ငွေ ၃,ဝဝဝ ခန့်) သတ်မှတ်ဖို့ နှစ်ဖက် (မြန်မာ့အာမခံလုပ်ငန်းနှင့် ကုမ္ပဏီများ) ဆွေးနွေးထားတယ်။ အာမခံပရီမီယံကြေးအတွက် ကျွဲ၊ နွားတစ်ကောင်တန်ဖိုးရဲ့ တစ်ရာခိုင်နှုန်းသတ်မှတ်ဖို့ လျာထားတယ်။ အတိအကျ သတ်မှတ်သေးတာတော့ မဟုတ်ဘူး။ ကျွန်မတို့ သတ်မှတ်ပြီးရင် တရားဝင်ထုတ်ပြန်ပေးမှာပါ''ဟု ဒေါ်စန္ဒာဦးက ပြောသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိသည့်အတွက် ယခုကဲ့သို့ တောင်သူများ ကျွဲ၊ နွားအာမခံထား၍ ဘဏ်မှချေးငွေယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြန်မာ့အာမခံလုပ်ငန်းက ဆိုသည်။

ကျွဲ၊ နွားများကို အာမခံထား၍ ချေးငွေယူနိုင်ရေးအစီအစဉ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဆွေးနွေးလျက်ရှိသည်ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ပြောသည်။

အာမခံထားသောကျွဲ၊ နွားများအတွက် လျော်ကြေးပေးမည့်ပုံစံကဲ့သို့သော အသေးစိတ်အစီအစဉ်များပါဝင်သည့် မူဝါဒကို ရေးဆွဲနေသည်။ ကျေးလက်ဒေသများရှိ တောင်သူများက မှတ်ပုံတင်ထားပြီးသော ကျွဲ၊ နွားများကို အာမခံထားရာတွင် လွယ်ကူစွာဆောင်ရွက်နိုင်ရန် မိုဘိုင်းအက်ပလီကေးရှင်းဖြင့် ငွေသွင်းခြင်းကိုလုပ်ဆောင်မည်ဖြစ်ကာ ကုမ္ပဏီများဘက်က မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုကို ရေးဆွဲနေသည်ဟု မြန်မာ့အာမခံလုပ်ငန်းက ပြောသည်။

''ဒီအစီအစဉ်မျိုးကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ချေးငွေရယူဖို့ လုပ်ရမယ့်အစီအစဉ်တွေက ခက်ခဲနေတာမျိုးမဟုတ်ဘဲ လွယ်ကူအဆင်ပြေနေဖို့လိုတယ်''ဟု မွေးမြူရေးလုပ်ငန်းရှင်များအသင်း (မကွေးတိုင်းဒေသကြီး) ဒုတိယဥက္ကဌ ဦးချိုမင်းအောင်က ပြောသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂ဝ၁၈၊ ဖေဖော်ဝါရီတွင် စာရင်းကောက်ယူထားသော ကြိုတင်ခန့်မှန်းချက်များ အရ မြန်မာနိုင်ငံတွင် ခိုင်းကျွဲ၊ ခိုင်းနွားကောင်ရေ ၁၁ ဒသမ ၅ သန်းရှိသည်။

 Myanmar times

Banking & Loan Read 586 times