CB Mytel MasterCard ပူးပေါင်းထုတ်လုပ်မည်


05 February, 2021

MytelPay အသုံးပြုသူများအတွက် CB Bank နှင့် Mytel တို့အကြား Credit Card အမျိုးအစားဖြစ်သည့် CB Mytel MasterCard ပူးပေါင်းထုတ်လုပ်မည် ဖြစ်သည်။ 

MytelPay သုံးစွဲသူများအနေနှင့် CB Mytel MasterCard ကို MytelPay အက်ပလီကေးရှင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ပြီး CB Mytel MasterCard ခရက်ဒစ်ကတ် သုံးစွဲနိုင်မှုကန့်သတ်ချက်ကိုမူ MytelPay Wallet Balance အပေါ်အခြေခံ၍ အချိန်နှင့်တစ်ပြေးညီ သတ်မှတ်ပေးမည် ဖြစ်သည်။

MytelPay အသုံးပြုသူများအတွက် CB Bank နှင့် Mytel တို့အကြား Credit Card အမျိုးအစားဖြစ်သည့် CB Mytel MasterCard ပူးပေါင်းထုတ်လုပ်ရန် သဘောတူလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်တွင် Mytel ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ CB Bank နှင့် Mytel တို့အကြား CB Mytel MasterCard ပူးပေါင်းထုတ်လုပ်ရန် သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်းအတွက် MasterCard ၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ Country Manager ဖြစ်သူ Aileen Chew က “မြန်မာနိုင်ငံမှာ ငွေသားမဲ့ပေးချေတဲ့စနစ် အသုံးပြုနိုင်မယ့် အနာဂတ်အတွက် နောက်ဆုံးပေါ်ဆန်းသစ်မှုအဖြစ် Mastercard အနေနဲ့ CB Bank၊ Mytel တို့နဲ့ လက်တွဲခွင့်ရတဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားဝမ်းသာပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Mastercard ဟာ ငွေသားမဲ့ပေးချေမှုတွေအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ ဒစ်ဂျစ်တယ်လုပ်ငန်းတွေနဲ့ လက်တွဲကာ ဦးဆောင်လုပ်ကိုင်လျက်ရှိပါတယ်။ CB Mytel MasterCard ကို ကိုင်ဆောင်သူတွေအနေနဲ့ MasterCard က ဦးဆောင်နေတဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေနဲ့ ငွေပေးချေမှု နည်းပညာတွေကြောင့် ဆိုင်တွေ၊ အွန်လိုင်းကနေ စျေးဝယ်မှုတွေအတွက် ငွေသားမဲ့ပေးချေမှုပြုလုပ်ရာမှာ လုံခြုံစိတ်ချရပြီး ချောမွေ့စွာ ပေးချေနိုင်တော့မှာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် MasterCard အသုံးပြု၍ရသည့် မည်သည့် ATM၊ POS နှင့် e-Commerce များတွင်မဆို CB Mytel MasterCard ကို သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

Banking & Loan Read 377 times