ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၂၂ ထုတ်ပြန်


04 April, 2022

ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၂၂ ထုတ်ပြန်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၃၈၃ ခုနှစ် ၊ တန်ခူးလဆန်း ၃ ရက် (၂၀၂၂ ခုနှစ်၊ ဧပြီလ ၃ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာအမှတ် ၁၂ /၂၀၂၂ ကို ဖော်ပြအပ်ပါသည်။



၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ ပါ သတ်မှတ် ပြဋ္ဌာန်းချက်များအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေ များကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် (၁) ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်။

၃။ အပိုဒ် (၂) ပါအတိုင်း ဆောင်ရွက်ရာတွင် ကင်းလွတ်ခွင့်ပြုမည့်ကိစ္စရပ်များ ပေါ်ပေါက် ပါက သီးခြားထုတ်ပြန်ဆောင်ရွက်မည်။

၄။ နိုင်ငံခြားသုံးငွေများ ပြည်ပသို့လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှ တစ်ဆင့်ဆောင်ရွက်ရမည်။

 ၅။ ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မတိုင်မီ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး သော နိုင်ငံခြားငွေစာရင်းအသီးသီးရှိ နိုင်ငံခြားငွေများကိုလည်း ဤအမိန့်ကြော်ငြာစာ အပိုဒ် (၂) ပါ အတိုင်း ဆောင်ရွက်ရမည်။

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၃-၁၀-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၂၁ အား ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။ 

၇။ ဤအမိန့်ကြော်ငြာစာသည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ ။

၈။ ဤအမိန့်ကြော်ငြာစာကို လိုက်နာခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခြင်းခံရမည်။

သန်းညိန်း
ဥက္ကဋ္ဌ

 

 

ဆက်စပ်ဖတ်ရှုရန် ခေါင်စဉ်ငယ်ကို ထိပါ

(၁)ရက်အတွင်း ငွေလဲနှုန်း ၁,၈၅၀ကျပ်ဖြင့် ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ထည့်သွင်းရန် ဗဟိုဘဏ်ညွှန်ကြား

 

Banking & Loan Read 1488 times