(၁)ရက်အတွင်း ငွေလဲနှုန်း ၁,၈၅၀ကျပ်ဖြင့် ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ထည့်သွင်းရန် ဗဟိုဘဏ်ညွှန်ကြား


03 April, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂ဝ၂၂ ခုနှစ်ဧပြီလ ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် ( ၄ / ၂၀၂၂) ကို ဖော်ပြအပ်ပါသည်။ 


အကြောင်းအရာ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂/၂၀၂၂) ကိစ္စ


ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၃၄-၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ အရ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရ ဘဏ်များအနေဖြင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်—

(က) (၄-၄-၂၀၂၂)ရက်နေ့မှစတင်၍ AD. လိုင်စင်ရဘဏ်အသီးသီးသို့ ဝင်ရောက်လာသည့် ပြည်တွင်း၌နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင်ရောက်ငွေ (ကုန်သွယ်မှုမှရငွေ၊ ကုန်သွယ်မှုမဟုတ်သောရငွေ) များကို ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာ အပိုဒ် (၃) အရ ကင်းလွတ်ခွင့်ပြုမည့် ကိစ္စရပ်များမှအပ AD လိုင်စင်ရဘဏ်များတွင်ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းများသို့ ဝင်ရောက်ပြီးသည့်နေ့မှာ အလုပ်လုပ်ရက်(၁)ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်၍ အဆိုပါ နိုင်ငံခြားငွေရရှိသူက ဖွင့်လှစ်ထားသည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်။

(ခ) အထက်အပိုဒ် (က) ပါအတိုင်း နိုင်ငံခြားသုံးငွေမှ မြန်မာကျပ်ငွေသို့ ပြောင်းလဲခြင်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် လဲလှယ်ပေးရမည်။ အခြား currency များအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် အခြေခံတွက်ချက်ထားသည့် ပူးတွဲပါအတိုင်း ဆောင်ရွက်ရမည်။ ငွေလဲလှယ်နှုန်း အပြောင်းအလဲရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထပ်မံ ညွှန်ကြားသွားမည်ဖြစ်သည်။

(ဂ) (၄-၄-၂၀၂၂) ရက်နေ့မှစတင်၍ နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ပေးရမည်။ ဤကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်အား ဆက်လက်ထုတ်ပြန်သွားမည်။

(ဃ) (၃-၄-၂၀၂၂) ရက်နေ့မတိုင်မီ AD လိုင်စင်ရဘဏ်အသီးသီးတွင် ဖွင့်လှစ်ထားသော နိုင်ငံခြားငွေစာရင်းအသီးသီးရှိ နိုင်ငံခြားငွေများကိုလည်း အထက်အပိုဒ် (က) နှင့် (ခ)ပါအတိုင်း ဆောင်ရွက်ရမည်။ အသေးစိတ်အချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမည်။
 

Banking & Loan Read 10956 times