နယ်စပ်ကုန်သွယ်ရေး နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်


27 April, 2022

နယ်စပ်ကုန်သွယ်ရေး နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်


နယ်စပ်ကုန်သွယ်ရေး နိုင်ငံခြားသုံးငွေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ( ၇ / ၂၀၂၂) ကို ၂ဝ၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



အကြောင်းအရာ။ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂ဝ၂၂ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းများအား ညွှန်ကြားခြင်း

ရည် ညွှန်း ချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂ဝ၂၂

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ဝင်ရောက်ငွေများနှင့် ပြည်ပသို့ နိုင်ငံခြားသုံးငွေများ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာအား ထုတ်ပြန်ခဲ့ပါသည်။

၂။ ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာစာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအစီအစဉ်အောက်မှ ဆောင်ရွက်လျက်ရှိသည့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အကျုံးဝင်ပါဝင်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ အဆိုပါနယ်စပ်ကုန်သွယ်ရေးအစီအစဉ် အောက်မှ ဆောင်ရွက်သည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်းဆောင်ရွက် ချက်များကို အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်း ညွှန်ကြားပါသည်

(က) သွင်းကုန်လုပ်ငန်းရှင်များ၏ သွင်းကုန်အတွက် ငွေပေးချေရာတွင် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြခွင့်ပြုချက်ရယူရန်မလိုဘဲ နိုင်ငံခြားငွေဖြင့် ပေးချေမှု များကို Designated Bank များအနေဖြင့် ဆောင်ရွက်ပေးရန်၊

( ခ ) ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေနှင့် စည်းမျဉ်းတို့ပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း ပို့ကုန်ရငွေများကို နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ မပျက်မကွက် ထည့်သွင်းရေး စိစစ်ဆောင်ရွက်ရန်၊

( ဂ ) နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ် အသီးသီးသို့ ပို့ကုန်ရငွေများ ဝင်ရောက်ပြီးနောက် ပို့ကုန်တင်ပို့သူသည် အဆိုပါ ရငွေကို တစ်လအတွင်း မိမိကိုယ်တိုင်အတွက်သုံးစွဲခြင်းနှင့် ဘဏ်သို့ ရောင်းချခြင်း တို့ကို ဆောင်ရွက်နိုင်ပြီး သုံးစွဲရန်ကျန်သည့်ငွေကို သက်ဆိုင်ရာဘဏ်သို့ မပျက်မကွက် ရောင်းချရန်၊
(AD လိုင်စင်ရဘဏ်က ပို့ကုန်ရငွေ ဝင်ရောက်ပြီး တစ်လပြည့်မြောက်သည့်နေ့တွင် လက်ကျန်ပို့ကုန်ရငွေကို ကျပ်ငွေဖြင့် ပြောင်းလဲရယူရန်)

(ဃ) တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အစီအစဉ်အောက်မှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားငွေဆိုင်ရာ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသို့ Electronic Reporting System (ERS) ၏ Border Trade Module အား အသုံးပြု၍ မပျက်မကွက် ဆက်လက် သတင်းပေးပို့ရန်။


ဥက္ကဋ္ဌ ( ကိုယ်စား )
 ( ဝင်းသော် ၊ ဒုတိယဥက္ကဋ္ဌ )

ဖြန့်ဝေခြင်း
ယွမ်၊ ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်များ ဘတ်၊ ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်များ

Banking & Loan Read 656 times