အမေရိကန်ဒေါ်လာ ပြင်ပပေါက်ဈေးများ ဆက်တိုက် ကျဆင်းနေခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သန်းချီသော ပမာဏများဖြင့် အကြိမ်ကြိမ် ဝယ်ယူခဲ့ပြီးသည့်နောက် ဒီဇင်ဘာလ ၁၄ ရက် တနင်္လာနေ့တွင် ထူးထူးခြားခြား ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာသိန်း ၃၀ ကို တစ်အမေရိကန်ဒေါ်လာ ပျမ်းမျှ ငွေလဲနှုန်း ၁၃၇၂.၂ ကျပ် ဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်တွင် ရောင်းချခဲ့သည်။ ပြင်ပပေါက်ဈေးမှာ တစ်အမေရိကန်ဒေါ်လာလျှင် ကျပ် ၁၃၈၀ နှင့် ၁၃၉၀ ကြားတွင်ဖြစ်ကြောင်း သိရသည်။
ထိုနောက်ပိုင်းတွင် ရောင်းခြင်း ဝယ်ခြင်း မရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၃ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်၁ ဒေါ်လာလျှင် ၁၃၃၀.၈ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၁၉ သိန်း ဝယ်ယူခဲ့ပါသည်။ ပုဂ္ဂလိကဘဏ်များတွင် အမေရိကန်ဒေါ်လာ ဝယ်ဈေးမှာ ၁ ဒေါ်လာလျှင် ၁၃၃၂ ကျပ် ဝန်းကျင် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ၁ ဒေါ်လာလျှင် ပျမ်းမျှငွေလဲနှုန်း ၁၃၃၁.၃ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၃၈ သိန်း ဝယ်ယူခဲ့ပါသည်။
နောက်တစ်နေ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် အမေရိကန်ဒေါ်လာ ၂၁ သိန်း ကို ပျမ်းမျှငွေလဲနှုန်း ၁၃၃၀.၃၁ ကျပ်နှုန်းဖြင့် ထပ်မံဝယ်ယူခဲ့သည်။