ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ ပြောင်းရွှေ့ခြင်း၊ ရုံးခွဲဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း အခကြေးငွေ ဗဟိုဘဏ် သတ်မှတ်
ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ ပြောင်းရွှေ့ခြင်း၊ ရုံးခွဲဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်း အခကြေးငွေသတ်မှတ်ချက်ကို ဗဟိုဘဏ်က ကြေညာထားပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ရက်စွဲ၊ ၂၀၂၂ ခုနှစ်နိုဝင်ဘာလ ၂၅ ရက်
ညွှန်ကြားချက်အမှတ် (၁၄/၂၀၂၂)
အကြောင်းအရာ။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းနေရာ ပြောင်းရွှေ့ခြင်း၊ ပိတ်သိမ်းခြင်းများအတွက် အခကြေးငွေသတ်မှတ်ခြင်းကိစ္စ
ရည် ညွှန်း ချက် ။ (၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၆-၁-၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)
(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၅-၆-၂၀၂၁ ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၉/၂၀၂၁)
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၈၄ တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းများအတွက် အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ ရုံးပြောင်းရွှေ့ခြင်း၊ ရုံးခွဲဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ တင်ပြလျှောက်ထားရန်ကိစ္စများ အတွက် ရည်ညွှန်းချက်(၂)ပါ ညွှန်ကြားချက်အမှတ်(၉/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
၃။ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးချုပ်အပါအဝင်ဖွင့်လှစ်ပြီး ရုံးခွဲများ လုပ်ငန်းနေရာပြောင်းရွှေ့ဖွင့်လှစ်မည်ဆိုပါက ပြောင်းရွှေ့ဖွင့်လှစ်မည့်နေရာသည် ယခင် လုပ်ငန်းနေရာနှင့် မြို့နယ် တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လုပ်ငန်းနေရာပြောင်းရွှေ့ခြင်းနှင့် ပိတ်သိမ်းခြင်းတို့အတွက် အခကြေးငွေကျပ် ၂၀၀,၀၀၀ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်း ရမည်
၄။ သို့ဖြစ်ရာ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ရုံးချုပ်အပါအဝင်ဖွင့်လှစ် ပြီးရုံးခွဲများ လုပ်ငန်းနေရာ ပြောင်းရွှေ့ဖွင့်လှစ်ရန်နှင့် ပိတ်သိမ်းရန် တင်ပြလျှောက်ထားရာတွင် ရည်ညွှန်းချက်(၂)ပါ ညွှန်ကြားချက်အမှတ်(၉/၂၀၂၁)ပါ သတ်မှတ်ချက်များနှင့်အတူ အခကြေးငွေ ကျပ် ၂၀၀,၀၀၀ ပေးသွင်းသည့် အထောက်အထားကိုပါ ပူးတွဲတင်ပြရမည်။
၅။ ဤညွှန်ကြားချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။