ကိုဗစ်ကူးစက်မှု ကွင်းဆက်ဖြတ်ဖို့ဆိုပြီး ဇူလိုင်လကတည်းက စပြီးပိတ်ရက်တွေ သတ်မှတ်ခဲ့ပေမဲ့ အရင်အကြိမ်တွေက ဘဏ်တွေကို ပိတ်ပင်တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ် အများပြည်သူရုံးပိတ်ရက်ထပ်တိုးတဲ့အထဲ ဘဏ်တွေကိုပါ ဘာကြောင့်ထည့်သွင်းတာလဲ။ ဘဏ်တွေမှာ ငွေထုတ်တဲ့ကန့်သတ်ချက်တွေကိုဘယ်တော့ဖြေလျှော့ပေးမှာပါလဲ။ ဘဏ်တွေ ဒေဝါလီခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်လို့ရော ဗဟိုဘဏ်က ဘာပြောလဲ။
ဒါ့အပြင် ဘဏ်နဲ့ငွေကြေးဝန်ဆောင်မှုဆိုင်ရာ Application တွေ၊ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုတွေမှာ ပိတ်သိမ်းခံရတဲ့အကောင့်တွေနဲ့ပတ်သက်လို့ ဘာပြောလဲ။ မှားယွင်းပိတ်ခံရတဲ့အကောင့်တွေအတွက် ဘာတွေဆောင်ရွက်ဖို့ရှိပါသလဲ။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ။ အဓိက ပြောရမယ်ဆိုရင် ဘဏ်တွေ ဒေဝါလီခံရမယ်ဆိုတဲ့သတင်းကလုံးဝမဟုတ်မှန်ဘူးလို့ပြောချင်ပါတယ်။ ဒုတိယအချက်ကတော့ ဘဏ်တွေပိတ်တဲ့အကြောင်းအရင်းပါ။
ဘဏ်တွေပိတ်တယ်ဆိုတာက အများပြည်သူရုံးပိတ်ရက်ဆိုတာ အစိုးရအဆက်ဆက် ကြေညာခဲ့ပါတယ်။ အများပြည်သူ အားလပ်ရက်မှာ အစိုးရအဖွဲ့ အားလုံး ပိတ်ရပါတယ် ။ အဲ့ဒီလိုပိတ်တဲ့အချိန်မှာ ဘဏ်တွေလည်း ပါပါတယ် ။
ဒီပဝါလီဖြစ်ဖြစ်၊ သင်္ကြန်ဖြစ်ဖြစ်ပေါ့ ။ အဲ့လိုပါ။ ပြီးတော့ ဒီတခေါက်မှာ ဘဏ်ကလွဲရင် ကျန်တဲ့ဟာတွေ ပိတ်ဆိုပြီးတော့ကျွန်တော်တို့ ဗဟိုဘဏ် အပါဝင် ဘဏ်တွေအကုန် ရုံးတက်ပြီး အလုပ်လုပ်နေတာ သောကြာနေ့ဆိုရင် သုံးပတ်ရှိပါပြီ။
ဘာလို့ ဘဏ်တွေ (အရင်အခါက်တွေက) မပိတ်တာလည်းဆိုရင် ကိုဗစ်-၁၉ ကြောင့် ရောဂါကူးတာများပြီး သေဆုံးမှုတွေလည်း များနေတယ်။
အောက်ဆီဂျင်တွေ ၊ ဆေးဝါးတွေ လိုအပ်နေတာကြောင့် ပြည်သူလူထုအတွက် အသက်အန္တာရယ် အခက်အခဲ မဖြစ်ရအောင်ဆိုပြီးတော့ အစိုးရကနေပြီးတော့ ဘဏ်လုပ်ငန်းတွေတော့ မပိတ်ပါနဲ့၊ ကျန်တဲ့လူတွေ ပိတ်ဆိုပြီးတော့ ကျွန်တော်တို့က နိုင်ငံတော်ပြည်သူလူထုရဲ့ အကျိုးစီးပွား လိုအပ်ချက်ပေါ် မူတည်ပြီး ကျွန်တော်တို့ကို ညွှန်ကြားတယ်။ ကျွန်တော်တို့ဘက်ကလည်း လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ပဲ ဆိုပြီးတော့ လုပ်တယ် ။
ဒါပေမယ့် တချို့ကုန်သွယ်ရေးတို့၊ ဘာတို့က ပိတ်တယ်ဆိုပေမယ့် နယ်စပ်မှာ လုပ်ပေးထားတယ်။ အဓိကက ပြည်သူလူထုကျန်းမာရေး အတွက်ကာကွယ်စောင့်ရှောက်ဖို့လိုအပ်လို့ဆိုပြီး ဘဏ်တွေကို ဖွင့်ခဲ့ပါတယ် ။
ရုံးတွေကို ပိတ်တဲ့အကြောင်းအရင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ပိတ်တာပါ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့တွေကို ပြန့်ပွားကုန်ပါတယ်။ ဘဏ်တွေမှာလည်း ကူးစက်မှုတွေရှိလာတယ်။ ဗဟိုဘဏ်မှာလည်း Positive တွေများလာပါတယ် ။တချို့ ဘဏ်တွေဆိုရင် ဟိုဘဏ်က Positive ဖြစ်ရင် ဒီဘဏ် နှစ်ဘဏ်ပေါင်းပြီး တဘဏ်ဖွင့်တယ် ။ တချို့ဆိုရင် သုံးဘဏ်ပေါင်းပြီး ဖွင့်ကြပါတယ်။
အဓိကတော့ ဘဏ်တဘဏ်ဖွင့်ရင် အွန်လိုင်းကနေ အကုန်လုပ်လို့ရတယ် ပြဿနာမရှိဘူး။ ကုန်စည်စီးဆင်းမှုကို မပြတ်အောင် လုပ်တာပါ ။ နောက်တော့ ကျွန်တော်တို့တွေရော ဘဏ်တွေရော တော်တော်ထိခိုက်မှု များသွားပါတယ်။
ဒီတပတ်တော့ ဘယ်လိုပဲဖြစ်ဖြစ် မနားတမ်းလုပ်နေရတယ်။ လုပ်တဲ့အထဲမှာမှ ရောဂါဖြစ်လို့ လျော့သွားတဲ့ အင်အားကို ပေါင်းပြီးတော့ ဖြည့်လုပ်ရတယ်။ ကျန်တဲ့သူက ဆက်လုပ်ရတယ်။ အင်အားလည်း ထိခိုက်လာလို့ ကျွန်တော်တို့ကိုပါ အနားပေးလိုက်တာ ။ ဒီပေါ်မှာမူတည်ပြီး မသမာတဲ့လူက လူထုအကျိုးစီးပွားအတွက် နိုင်ငံတော်မှာရှိတဲ့ ပြည်သူလူထုတွေ
မထိခိုက်ဖို့အတွက် အင်တိုက်အားတိုက်နဲ့ လုပ်ပေးနေတဲ့ ဘဏ်တွေအပေါ်မှာ ကိုယ်ချင်းစာတရားနဲ့ ကျေးဇူးတင်ရမယ့်အစား ဘဏ်တွေ ဒေဝါလီခံရပါမယ်ဆိုပြီးတော့ ကျန်းမာရေးကြောင့် စိတ်ညစ်နေရတဲ့၊ ဒုက္ခခံနေရတဲ့သူတွေကို ထပ်ပြီး စိတ်ညစ်စရာကောင်းအောင် လုပ်တာကတော့ တော်တော်စိတ်မကောင်းစရာပေါ့နော် ။
မေး။ ငွေတွေထုတ်နေရတဲ့ဟာကို အခက်ခဲရှိနေတဲ့ဟာကိုရော ဘယ်တော့ ပြန်စဉ်းစားတာမျိုး လုပ်မလဲ။
ဖြေ။ ငွေသားကန့်သတ်ချက်တွေကို ဖြေလျှောဖို့ဆိုတာ အရင်တုန်းကသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ အခုဆိုရင်သြဂုတ်ပေါ့နော် ။ စက်တင်ဘာ ၊ နိုဝင်ဘာကနေစပြီးတော့ တစ်ခုပြီးတစ်ခု ဖြေလျှော့သွားဖို့ လုပ်ထားပြီးပါပြီ ။
ဖြည်းဖြည်းချင်း ဖြေလျှော့သွားတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ ဘဏ်တွေရဲ့ ကွန်နက်ရှင်က ဘာဖြစ်လာလဲဆိုတော့ ကြုံလို့ပြောပြတာ။ ဘဏ်တွေက အရင်တုန်းက တောက်လျောက် အထုတ်တွေချည်းပဲ များနေတဲ့အတွက်ကြောင့်မို့လို့ Daily မိုင်းနပ်စ်(အနုတ်လက္ခဏာ)ချည်းပဲသွားနေတာ ။ အဲ့လိုသွားနေတဲ့အခါမှာ လိုချင်တဲ့သူနဲ့ မမျှတဘူးပေါ့။
အခုလက်ရှိအခြေနေမှာ သြဂုတ်တစ်လလုံးမှာ ကျွန်တော်တို့က plus (အပေါင်းလက္ခဏာ) ဖြစ်သွားတယ်။ မလိုအပ်ရင် မထုတ်တော့ဘူးဆိုတဲ့ လူတွေ နည်းနည်းတိုးလာတဲ့ သဘောပေါ့ ထုတ်တာတော့ ထုတ်နေပါတယ်။ ပြန်ပြီးအဝင်ကတော့နည်းပါတယ်။ ရောဂါအခြေနေကြောင့် ထုတ်တာကလွဲလို့ ထုတ်တဲ့သူတွေက လျော့သွားပါတယ်။
ဒါက ကျွန်တော်တို့ ဘက်ကို နားလည်မှုရှိသွားတယ်လို့ ယူဆပါတယ်။ ထပ်ပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီကန့်သတ်ချက်တွေရော တခြားကန့်သတ်ချက်တွေအားလုံးကို သိပ်မကြာခင် လပိုင်းအတွင်းမှာလည်း ဆောင်ရွက်ဖို့ ရှိပါတယ် ။
မေး။ Freeze လုပ်ခံရတဲ့ဟာတွေကရော ဘယ်တော့အမြန်ဆုံး အမှန်ကန်ဆုံးဖြစ်အောင် ပြန်လုပ်ပေးဖို့ ကုစားပေးဖို့ရှိလဲ ။
ဖြေ ။ အခုဟာက Freezeလုပ်တာ မှားယွင်းပြီး အလုပ်ခံရတဲ့သူ မရှိပါဘူး။ သတင်းပြန့်နေတာတစ်ခု ရှိပါတယ် ။ KBZ pay နဲ့ပတ်သက်တဲ့ သတင်းတစ်ခုရယ် wave money နဲ့ ပတ်သက်တဲ့ သတင်းတစ်ခုရယ်။ အကောင့်တွေကို အစိုးရက ပိတ်ခိုင်းလို့ ဗဟိုဘဏ်က လိုက်ပိတ်တယ်။ အဲ့ဒီအတွက်ကြောင့် ထိခိုက်နစ်နာရတယ်ဆိုတာတွေ ရှိနေတယ်။ တကယ်ကတော့ အဲ့ဒါ လုံးဝ သတင်းအမှားပါ။
ကျွန်တော် ရှင်းပြပါမယ်။ ဖေ့ဘွတ်ခ်တွေမှာ ကြေညာပြီးတော့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့မယ်ဆိုတဲ့၊ PDF တွေကို ထောက်ပံ့ပါမယ်ဆိုပြီး ဖေ့ဘွတ်ခ်မှာ ကြေညာတာ ရှိပါတယ်။ ဒီအကောင့်တွေကို အလှူငွေ ထည့်ပါဆိုပြီးတော့။ အဲ့ဒီကြေညာတဲ့အကောင့်တွေကိုပဲ Freeze လုပ်တာပါ။ ကျန်တဲ့ အကောင့်တွေ KBZ Pay၊ Wave Money၊ MPT Money ဘယ်သူ့ကိုမှ Freeze မလုပ်ပါဘူး။
လက်ရှိအစိုးရကနေပြီးတော့ မူဝါဒနဲ့မညီတဲ့ဟာတွေ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ ဖြစ်လာတဲ့ကိစ္စတွေပေါ်မှာပဲ ဗဟိုဘဏ်နဲ့ပေါင်းစပ်ပြီး လုပ်တာပါ။ ပုံမှန်ရိုးရိုးသားသားဖွင့်ထားတဲ့ အကောင့်တွေကို လုံးဝမလုပ်ပါဘူး။
ဘာမှမဟုတ်ဘဲနဲ့ မှားယွင်းပြီး လုပ်မိတယ်ဆိုရင် အချိန်မရွေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်လို့ လိပ်စာတပ်ပြီးတော့သာ အကောင့်မှားယွင်းပိတ်ခံရတာ နစ်နာတယ်ဆိုတာ ကျွန်တော်တို့ကို တိုင်ပါ။
မေး ။ ဈေးကွက်ထဲမှာ ရာခိုင်နှုန်းလျှော့ပြီး ငွေကိုကစားတာ မြန်မာငွေဈေးတန်ဖိုးကိုလည်း ထိတာပေါ့နော်။ ဥပမာ အနုတ် ၅ ဆိုရင် အနုတ် ငါးရာခိုင်နှုန်းထိ မြန်မာငွေတန်ဖိုးကိုရိုက်ခတ်မှုရှိတယ်။ အဲ့ဒီလို ဟာတွေက အခုဈေးကွက်မှာ တော်တော်ကြီးကို ဖြစ်နေတာပေါ့နော်။ အဲ့ဒါတွေကျတော့ ဗဟိုဘဏ်ရဲ့စီမံခန့်ခွဲမှုနဲ့ဆိုရင် ဘယ်လိုလုပ်ဖို့ အစီစဉ်ရှိလဲ။
ဖြေ ။ ဥပဒေကလည်း ရှိပြီးသား။ ဖော်ထုတ်ဖမ်းဆီးတဲ့အပိုင်းပဲ လိုတယ်။ ဗဟိုဘဏ်ကတော့ ဘယ်သူက လုပ်နေတယ်ဆိုတာ ရှာဖွေဖော်ထုတ်ဖမ်းဆီးဖို့ မတတ်နိုင်ဘူး ။ ဒီငွေကို ရာခိုင်နှုန်းနဲ့ လဲတာဟာ ဥပဒေအရ ထောင်အထိ ချလို့ရတယ်။ ဟိုတနေ့က ပြည်ထဲရေးနဲ့ ဆွေးနွေးဖြစ်ပါတယ်။
"အောက်ဆီဂျင်စက်ရုံဆောက်ဖို့ထဲသာ တကယ်ထည့်မယ်ဆိုရင် (ငွေ)အကုန်ထုတ်ပေးလိုက်မယ်"
ဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ဖေ့ဘွတ်ခ်မှာလည်း တရားဝင် ကြေညာတာတွေ ရှိတယ်လေ။ ဒါပေမယ့် အားလုံးက တိုးတိုးတိတ်တိတ်နဲ့ သတင်းသာ အပြင်ထွက်တာ ဘယ်သူကရောင်းတယ်ဆိုတာ အတိအကျ ဖော်ထုတ်လို့ မရဘူး ဖြစ်နေတယ်။ ဘယ်သူက လုပ်နေတယ်ဆိုတာ သတင်းပေးပါ။ ဥပေဒေအရထောင်ချလို့ရတဲ့အထိအရေးယူလို့ရပါတယ်။
BBC