ဗဟိုဘဏ်က မြတ်နန်းယုံ ငွေရေးကြေးရေး ကုမ္ပဏီကို လိုင်စင်ရုပ်သိမ်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်အား ထုတ်ပေးထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ကို ၃၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ ရုပ်သိမ်းကြောင်း ထုတ်ပြန်ကြေညာထားပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက် အား ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ ငွေရေးကြေးရေး ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်ရန် ၂၅-၁-၂၀၁၃ ရက်နေ့တွင် စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများဥပဒေအရ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်းများ ဆောင်ရွက်ရန် မှတ်ပုံတင်လက်မှတ် (Registration Certificate) အမှတ်၊ NBFI/FC(R)-02/07/2016 ကို ၂၈-၇-၂၀၁၆ ရက်နေ့တွင် ထုတ်ပေးခဲ့ပါသည်။
မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ခွင့်ပြုချက်မရှိဘဲ အခြားအဖွဲ့အစည်းနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်လက်မှတ် စည်းကမ်းချက်ပါ လုပ်ငန်းများကို ကောင်းစွာအကောင်အထည်ဖော်ဆောင်ရွက်မှုမရှိခြင်း၊ လက်ရှိ တွင် လုပ်ငန်းဆောင်ရွက်နိုင်မှုမရှိတော့ခြင်း၊ ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များအတွက် ညွှန်ကြားချက် (၁/၂၀၂၁) ပါ သတ်မှတ်ချက်များကို လိုက်နာမှု မရှိခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ပြင်ပစာရင်းစစ် အစီရင်ခံစာများ မတင်ပြနိုင်ခြင်းတို့ကြောင့် Legal Entity ပျောက်ဆုံးနေခြင်းတို့ကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ On-site နှင့် Off-site စစ်ဆေးမှုများအရ တွေ့ရှိရပြီး ၎င်းတို့ကိုပြုပြင် ဆောင်ရွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်ရာ ၂၉-၁၂-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒါရိုက်တာ အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ မြတ်နန်းယုံငွေရေးကြေးရေးဝန်ဆောင်မှုကုမ္ပဏီလီမိတက်အား ထုတ်ပေးထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင်လက်မှတ်ကို ၃၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ ရုပ်သိမ်းကြောင်း အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာအပ် ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်