တန်ချိန် တစ်သိန်း ထုတ်နိုင်မယ့် ဘိလပ်မြေစက်ရုံ ချင်းပြည်နယ်မှာ တည်ဆောက်


22 May, 2019

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘုံဖုံရွာတွင် ချင်းပြည်နယ်ရဲ့ ပထမဆုံးဖြစ်လာမယ့် ဘိလပ်မြေထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက်မှာ ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အဆိုပါ ဘိလပ်မြေစက်ရုံ တည်ဆောက်မှာဖြစ်ပြီး စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် ကွင်းဆင်းလေ့လာမှု (Survey) လုပ်ငန်းတွေလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ စက်ရုံနဲ့အတူ ဘိလပ်မြေ သယ်ယူထုတ်လုပ်နိုင်ရန် ရထားဘူတာတစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

တည်ဆောက်မယ့် ဘိလပ်မြေထုတ်စက်ရုံ အနေအထားကို အိန္ဒိယနိုင်ငံမှ ပညာရှင်များက လာရောက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး အခြားပြည်ပနိုင်ငံများမှ ပညာရှင်များလည်း လာရောက်စမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

“ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ဆိုတာ ဟုတ်ပါတယ်။ နိုင်ငံတော် အစီအစဉ်ရှိပါတယ်။ ဘိလပ်မြေ သယ်ယူထုတ်ဖို့. ဘူတာရုံတစ်ခု တည်ဆောက်ဖို့ဆိုတာ နောက်အစီစဉ်တစ်ခုပါ။ ထုံးကျောက်ရှိတဲ့နေရာဘက်မှာ တာဝန်နှစ်ခုရှိတယ်။ စက်ရုံနှစ်ရုံတည်မယ်၊ ၁ နှစ် ဘိလပ်မြေတန်ချိန် တစ်သိန်း၊ နှစ်ခု ဆိုတော့ တန်ချိန် နှစ်သိန်းရဖို့ နိုင်ငံတော်က အစီစဉ်ရှိပါတယ်” လို့ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ့က ဆိုပါတယ်။

အဆိုပါ ဘိလပ်မြေစက်ရုံ တည်ဆောက်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးပြီး အရည်အသွေးပြည့်မီမှု ရှိမရှိဆိုတဲ့ ကိစ္စရပ်များကို အချိန်ယူစစ်ဆေးခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။

ဒါ့ပြင် ရေရှည်စီမံကိန်းချ လုပ်ဆောင်ပါက အောင်မြင်လာမယ့် စက်ရုံဖြစ်နိုင်ကြောင်း စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့တဲ့ ပြည်ပနိုင်ငံများမှ ပညာရှင်များက ပြောဆိုခဲ့ကြောင်း ချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုပါတယ်။

Pyi Myanmar

Local News Read 1323 times