ဗဟိုဘဏ်အနေနဲ့ လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ သာမန်ရငွေ လျာထားချက်ထက် ကျပ် ၂၉ ဘီလျံကျော် လျော့ကျ


14 March, 2019

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ သာမန်ရငွေ ၁၈၄ ဒသမ ၉၅၁ ဘီလျံရရှိဖို့ လျာထားသော်လည်းချေးငွေစိုက်ထုတ် ပေးဆပ်တဲ့စနစ်နဲ့ ကြိုတင် ထုတ်ပေးငွေများအပေါ်မှ အတိုးရငွေ လျော့နည်းရရှိလို့ လျာထားချက်ထက် ကျပ် ၂၉ ဘီလျံကျော် လျော့ကျခဲ့ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများရဲ့ ပထမသုံးလပတ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာအရ သိရပါတယ်။

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ဗဟိုဘဏ်အနေနဲ့ သာမန်ရငွေအပိုင်းမှာ ပထမသုံးလပတ်လျာထားချက် ကျပ် ၁၈၄ ဒသမ ၉၅၁ ဘီလျံအနက် ကျပ် ၁၅၅ဒသမ ၃၄၉ ဘီလျံရရှိခဲ့လို့ ကျပ် ၂၉ ဘီလျံကျော် လျော့ကျခဲ့ပါတယ်။

သာမန်အသုံးစရိတ်တွင် ပထမသုံးလပတ်လျာထားချက် ကျပ် ၃ဝ ဒသမ ၈၉၁ ဘီလျံတွင် ကျပ် ၁၇ ဒသမ ၆ဝ၆ ဘီလျံသုံးစွဲခဲ့၍ ၅၆ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ပါတယ်။ သာမန်သုံးငွေလျော့နည်းသုံးစွဲမှုတွင် ပင်စင်ထုတ်ယူမှုနည်းပါးခြင်း၊ ဘဏ်ပိုင်အဆောက်အအုံများနှင့် ရုံးသုံးစက်ပစ္စည်းပြင်ဆင်စရိတ်များ လျော့နည်းခြင်း၊ အစည်းအဝေးနှင့်အခမ်းအနားပြုလုပ်မှုနည်းပါးခြင်း၊ ဘဏ်များတွင် Excess Liquidity များစွာဖြစ်ပေါ်လျက်ရှိပါတယ်။

ဒီလို Excess Liquidity ဖြစ်ပေါ်မှုကြောင့် အပ်ငွေလေလံတွင် ခေါ်ယူလိုသောပမာဏ (Offering Amount) ထက် တင်သွင်းလိုသောပမာဏ ( Bidding Amount) က ပိုများပြားခဲ့သဖြင့် အပ်ငွေလေလံအတိုးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် အပ်ငွေနဲ့ချေးငွေအပေါ် အတိုးပေးငွေ လျော့နည်းခြင်း၊ ငွေစက္ကူရိုက်နှိပ်ခနဲ့ ဘဏ္ဍာငွေ သယ်ယူပို့ဆောင်ခများ လျော့နည်းခြင်းတို့ကြောင့်လို့ အစီရင်ခံမှာ ဖော်ပြထားပါတယ်။

ချေးငွေရယူပိုင်းမှာ ပြည်ပချေးငွေနဲ့ ဆောင်ရွက်မယ့်လုပ်ငန်းများအတွက် ဆောင်ရွက်ဆဲဖြစ်ခြင်း၊ JICA Grant Aid အား ပထမသုံးလပတ်မှာ လျာထားပေမယ့်လည်း ငွေလုံးငွေရင်းအသုံးစရိတ်မှာ အသုံးပြုနိုင်ခြင်းမရှိသေးခြင်း၊ ငွေလုံးငွေရင်း သုံးငွေမှာ မော်တော်ယာဉ်အကြီးစား ပြင်ဆင်ဖို့ စက်ပစ္စည်းကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်မရရှိသေးခြင်းကြောင့် လျာထားချက်ထက် လျော့နည်းခြင်းဖြစ်ပါတယ်။

ဒါ့ပြင် FSDP Project နဲ့ဆောင်ရွက်မယ့် Fiber Internet 50 Mbps အတွက် လစဉ်ကြေးပေးဆောင်ဖို့ အဆင့်ဆင့်တင်ပြပြီး စိစစ်ဆောင်ရွက်ဆဲဖြစ်၍ ပေးချေနိုင်မှုမရှိသောကြောင့်လည်း လျော့နည်းခြင်း ဖြစ်ကြောင်းသိရပါတယ်။

ဗဟိုဘဏ်ရဲ့ ယာယီရငွေသုံးငွေစာရင်း (သာမန်စာရင်း) အရ လျာထားချက်မှာ ရငွေကျပ် ၁၈၄ ဒသမ ၉၅ ဘီလျံကျော်၊ အသုံးစရိတ်ကျပ် ဘီလျံ ၃၀ ကျော်နဲ့ ပိုငွေ ၁၅၄ ဘီလျံကျော် လျာထားသော်လည်း ဒီပထမ သုံးလပတ်အတွက် အကောင်အထည်ဖော်နိုင်မှုမှာ ရငွေအနေနဲ့ ကျပ် ၁၅၅ ဒသမ ၃၄၉ဘီလျံကျော်၊ အသုံးစရိတ်အနေနဲ့ ကျပ် ၁၇ ဘီလျံကျော်၊ ပိုငွေကျပ် ၁၃၇ ဒသမ ၇ ဘီလျံကျော်ရှိကြောင်း သိရပါတယ်။

အဆိုပါပထမသုံးလပတ်အတွက် လျာထားချက်အပေါ် ရငွေရရှိမှုရာခိုင်နှုန်းမှာ ၈၃ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ပြီး သုံးငွေသုံးစွဲမှုရာခိုင်နှုန်းမှာ ၅၆ ဒသမ ၉၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။

Daily Eleven

Banking & Loan Read 417 times