မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ဘဏ်မှတစ်ဆင့် ငွေပေးချေနိုင်ရန် ဗဟိုဘဏ်စီစဉ်


05 February, 2021

 မြန်မာ–တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများတွင် ဘဏ်မှတစ်ဆင့် ငွေပေးချေခြင်းကို ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွင်း ခွင့်ပြုပေးမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များကိုလည်း လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရပါတယ်။

ယင်းကဲ့သို့ ကုန်သွယ်မှုပြုလုပ်ရာတွင် တရုတ်–မြန်မာ နှစ်နိုင်ငံအကြား အတည်ပြုထားသည့် တရားဝင်ကုန်ပစ္စည်းများ ရောင်းဝယ်မှုကို ကုန်သည်တစ်ဦးချင်းက ငွေစာရင်းဖွင့်ရန်မလိုဘဲ သက်ဆိုင်ရာဘဏ်များက တစ်ဆင့် ငွေအပေးအယူ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


    တရားဝင်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ပြီး ရရှိလာသော ယွမ်များကို သက်ဆိုင်ရာဘဏ်များတွင် ကျပ်ငွေဖြင့် လဲလှယ်ပြီး ပြန်လည် ထုတ်ယူနိုင်မည်ဖြစ်ပါတယ်။ ထို့အပြင် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံမှ ကုန်ပစ္စည်း ဝယ်ယူသူကလည်း တင်သွင်းလိုသည့် ကုန်ပစ္စည်းတန်ဖိုးကို ဘဏ်သို့ ကျပ်ငွေဖြင့် ပေးပြီး အလွယ်တကူ တင်သွင်းနိုင်မည်ဟု ဦးဘိုဘိုငယ်က ပြောပါတယ်။

    နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၌ ယွမ်နှင့် ကျပ်ငွေလဲလှယ်နိုင်ရေး ဆောင်ရွက်ရာတွင် ပုဂ္ဂလိကဘဏ်များ ပါဝင်နိုင်ရန် ၂၀၁၈ ဒီဇင်ဘာအတွင်းက စာပေးပို့ပြီး ကမ်းလှမ်းထားပါတယ်။  မြန်မာကုန်သည်တစ်ဦးသည် တရုတ်နယ်စပ်တွင် တစ်နေ့လျှင် ယွမ်ငါးထောင်နီးပါး ကုန်သွယ်ခွင့်ရှိရာ ကုန်သွယ်မှုပြုလုပ်ပြီး တရုတ်နိုင်ငံပိုင်ဘဏ်တွင် မြန်မာကုန်သည်များက ငွေစာရင်းဖွင့်ထားသော်လည်း ဗဟိုဘဏ်ထံ အကြောင်းကြားထားခြင်း မရှိကြောင်း သိရပါတယ်။

    ယခင်မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြည်တွင်းထွက်ကုန်ပစ္စည်းများ အရောင်းအဝယ် ပြုလုပ်မှုမှရရှိသည့် တရုတ်ငွေများသည် တရုတ်တွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ထဲသို့ ရောက်ရှိသွားခြင်းဖြစ်ပြီး ယင်းအကောင့်မှ တစ်ဆင့်  အခြားကုန်ပစ္စည်းများ ဝယ်ယူမှုအတွက် ငွေပေးချေမှုခွဲထွက်သွားခြင်းအပေါ် တရုတ်ဗဟိုဘဏ်အနေဖြင့် ထိန်းချုပ်နိုင်ခဲ့ ခြင်းမရှိကြောင်း သိရပါတယ်။

    မြန်မာနိုင်ငံမှငွေများ  ပြည်ပဘဏ်များတွင် စာရင်းဖွင့်လှစ်ထားရှိခြင်း လျှော့ချရန်၊ မြန်မာ− တရုတ်နှစ်နိုင်ငံ တရားဝင်နယ်စပ် ကုန်သွယ်ရေး ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဘဏ်များသို့ ယွမ်ငွေလွှဲပြောင်းနိုင်မည့် အစီအစဉ်ကို တရုတ်ဘဏ်များနှင့် ချိတ်ဆက်ညှိနှိုင်းထားသည်ဟု ဦးဘိုဘိုငယ်က ပြောပါတယ်။

    လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်တစ်ခုတည်းကိုသာ တရုတ်နိုင်ငံဘက်က ဘဏ်များနှင့် ငွေပေးချေနေပြီး မကြာမီ ပုဂ္ဂလိကဘဏ်များကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်ကြောင်း သိရပါတယ်။

 

Banking & Loan Read 514 times