ထုတ်ပြန်ပေးလိုက်သောစည်းမျဉ်းအသစ်များကြောင့် တိုင်ကြားခံနေရသော ဗဟိုဘဏ်


11 July, 2018

ပုဂ္ဂလိကဘဏ်များ လိုက်နာရန် စည်းကမ်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဗဟိုဘဏ်ကို နိုင်ငံတော်အကြီးအကဲများထံ တိုင်ကြားခံရကြောင်း ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် တစ်ဦးကပြောသည်။

ဗဟိုဘဏ်က ပြဋ္ဌာန်းသော စည်းမျဉ်းများသည် နိုင်ငံတကာ ဘဏ်လုပ်ငန်းတွင် ကျင့်သုံးနေသည့် စည်းမျဉ်းများဖြစ်သော်လည်း ပြည်တွင်းဘဏ်များအတွက် စတင်ပြောင်းလဲရန် အခက်အခဲကြုံခဲ့သဖြင့် ဗဟိုဘဏ်ထုတ်ပြန်သောစည်းမျဉ်းများနှင့် ပတ်သက်၍ တိုင်ကြားခြင်းဖြစ်ကြောင်း အဆိုပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။

‘‘ဗဟိုဘဏ်ကလည်း စည်းမျဉ်းတင်းကျပ်တဲ့အပေါ်မှာ နိုင်ငံတော်အကြီးအကဲသွားတိုင်တာ တွေကြုံရတယ်။ ဗဟိုဘဏ်ကလည်း လျှော့လို့ရတာတွေကို ထိုက်သင့်သလိုလျှော့ပေးနေပါ တယ်’’ ဟု ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်အများစုသည် လုပ်ငန်းရှင် တစ်ဦးတစ်ယောက်က တည်ထောင်ထားသည့် ဘဏ်အမျိုးအစားဖြစ်ပြီး ယင်းဘဏ်များတွင်ငွေစုသူများ၏ ယုံကြည်မှုတိုးမြှင့်လာရန် နိုင်ငံတကာဘဏ်လုပ်ငန်းစည်းမျဉ်းများကို ဗဟိုဘဏ် က ၂၀၁၇ တွင် လိုက်နာကျင့်သုံးရန် စည်းမျဉ်းစည်းကမ်းလေးရပ် ချမှတ်ခဲ့ပါသည်။

ဗဟိုဘဏ်စည်းမျဉ်းများ ချမှတ်ရခြင်းသည် ပုဂ္ဂလိကဘဏ် တစ်ခုချင်းစီ၏ ပြိုလဲမှုမဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး ယနေ့အချိန်တွင် ဗဟိုဘဏ်၏ ချမှတ်ထားသည့်စည်းကမ်းများကို ပုဂ္ဂလိကဘဏ်အများစုက လိုက်နာဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် ပြည်သူများထံမှ အပ်နှံငွေများကို မိမိနှင့်ဆက်စပ်သော စီးပွားရေးလုပ်ငန်းရှင်များအား ယခင်က ထုတ်ချေးမှုများရှိသော်လည်း လက်ရှိအချိန်တွင်ယင်းအခြေအနေကို ပြန်လည်ပြောင်းလဲသင့်ပြီဟု ဆိုသည်။

ပုဂ္ဂလိကဘဏ်များသည် ငွေချေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်ကချမှတ်ထားသော မူဝါဒများနှင့်အညီ ပြုပြင်ပြောင်းလဲနေသည်ဟု ဇွန်လ ၁၆ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ပြုလုပ်သော ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

7 Day Daily

Laws and Regulations Banking & Loan Read 1823 times