ဘဏ်များ ယာယီပိတ်လိုက်ပြီးဖြစ်ကြောင်းကြေညာ၊ အင်တာနက်ဆက်သွယ်မှု ပြန်လည်ကောင်းမွန်လာပါက ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုတင်အကြောင်းကြားမည်


01 February, 2021

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဘဏ်များမှ ဝန်ဆောင်မှုပေးရန် အဆင်မပြေခြင်းကြောင့် ယနေ့(ဖေဖော်ဝါရီလ ၁ ရက်)မှစတင်ပြီး ဘဏ်များကို ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းက ကြေညာလိုက်ကြောင်း သိရသည်။ ဘဏ်များရှိ ငွေကြေးဝန်ဆောင်မှုပေးနေသည့် System Unavailable ဖြစ်နေခြင်း၊ အင်တာနက်ဆက်သွယ်မှုများ မကောင်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဘဏ်ဝန်ဆောင်မှုပေးရန် ရပ်ဆိုင်းထားလိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဌနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ အရေးပေါ် ဆွေးနွေးချက်အရ အသင်းဝင်ဘဏ်များ လိုက်နာဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဘဏ်များမှ ယာယီပိတ်ထားခွင့်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ဆက်လက်တင်ပြပြီး ဘဏ်များ ပြန်လည်ဖွင့်လှစ်မည့် ရက်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်ချက်ကို ခံယူပြီး ပြန်လည်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်သူများ ကြုံတွေ့နေရသည့် System များ ပြန်လည်အသုံးပြု၍ ရလာပါက၊ Internet Connection များ ပြန်လည်ကောင်းမွန်လာပါ ဘဏ်များအားလုံး တပြေးညီပြန်လည်ဖွင့်လှစ်ရန် ကြိုတင်အကြောင်းကြားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များအသင်းထံက သိရသည်။

BETV Business

Banking & Loan Read 965 times