စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ဥစားကြက်မွေးမြူသူများ နည်းပါးလျက်ရှိ


02 July, 2018

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကျောက်စစ်ပုံတောင် ကျေးရွာအနီးရှိ ကြက်မွေးမြူရေးအထူးဇုန်တွင် ၂၀၁၆ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့သည့် ကြက်ငှက်တုပ်ကွေးရောဂါ (H9N2) ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဥစားကြက်မွေးမြူသူများ နည်းပါးလျက်ရှိကြောင်း သိရသည်။

''ကြက်ငှက် တုပ်ကွေးရောဂါကလည်း (၂)နှစ်ဆက်တိုက်ဖြစ်သွားတဲ့ အတွက် မွေးမြူရေးလုပ်ငန်းကို ကြောက်သွားတာရယ်၊ ရင်းနှီးမြှုပ်နှံဖို့ငွေအခက်အခဲကြောင့် ဥစားကြက်မွေးမြူတဲ့သူတွေ နည်းသွားတာပါ၊ မွေးမြူရေးလုပ်ငန်းကို ဝါသနာအရရော၊ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ရော လုပ်ကိုင်တဲ့ သူတွေလောက်ပဲ ဆက်မွေးကြတော့တယ်၊ အချို့သူတွေကတော့ ဆက်ပြီးတော့မလုပ်ကြတော့ဘူး'' ဟု မုံရွာ ကြက်မွေးမြူရေး အထူးဇုန် ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးညွန့်ရွှေက ပြောခဲ့ပါသည်။

မုံရွာကြက်မွေးမြူရေးအထူးဇုန်တွင် မွေးမြူလျက်ရှိသော လုပ်ငန်းရှင် (၅၆)ဦး ၏ မွေးမြူရေးခြံ (၁၁ဝ)ခြံမှ ထွက်ရှိသော ကြက်ဥများကို မုံရွာမြို့ရှိ ကြက်ဥအဝယ်ဒိုင်များသို့ ပေးပို့လျက် ရှိကြောင်းနှင့် ကြက်ဥအလုံးရေ -၂၈လုံးကို ငွေကျပ် (၂၈ဝဝ)ဈေးပေါက်လျက်ရှိသဖြင့် မွေးမြူသူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

''လက်ရှိမွေးတဲ့သူတွေတောင် မွေးမြူရေးလုပ်ငန်းကို ပြန်လည်အားယူဖို့ တော်တော်လေးကို အရှိန်ယူခဲ့ကြရတယ်၊ နောက်ပိုင်းမှာလည်း ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံမဖြစ်ပွားအောင်လို့ ဇီဝလုံခြုံရေးကို ပုံမှန်လုပ်နိုင်ဖို့ လိုပါတယ်။ အဲဒါမှ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မှာပါ။ တစ်ဦးတစ်ယောက်တည်းလည်း လုပ်လို့မရပါဘူး၊ မွေးမြူရေးဇုန် တစ်ခုလုံးမှာရှိတဲ့ ကြက်မွေးတဲ့သူတွေ အားလုံးတက်ညီလက်ညီနဲ့ ဝိုင်းဝန်းလုပ်ဆောင်ရမှာပါ'' ဟု မုံရွာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အိအိအောင်က ပြောခဲ့ပါသည်။

မုံရွာ ကြက်/ငုံးမွေးမြူရေးအထူးဇုန်တွင် ဥစားကြက်ခြံပေါင်း စုစုပေါင်း (၄ဝဝ)ကျော်ရှိသည့်အနက် ယခု လက်ရှိအချိန်၌ လုပ်ငန်းရှင် (၅၆)ဦးမှ ကြက်ခြံပေါင်း (၁၁ဝ)ခြံတွင် ဥစားကြက် ကောင်ရေ (၅ဝဝဝဝ) ဝန်းကျင်သာ မွေးမြူလျက်ရှိကြောင်း သိရသည်။

 MOI

Local News Read 842 times