မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံဝင်ရောက်မှု အနည်းဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ဖို့ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။
မြေနေရာပိုင်ခွင့်
ချင်းပြည်နယ်မှာ ယခင်ကာလက အခွန်ကင်းလွတ်ခွင့်ပြုပြီး နှစ်ရှည်မြေအငှားစာချုပ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ရာ ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီများ စိတ်ဝင်စားမှုနည်းပါးနေတဲ့အတွက် ယခုအခါ ပြည်နယ်အစိုးရအနေနဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍမှာ လာရောက်ရင်းနှီးမြှုုပ်နှံမယ့် လုပ်ငန်းရှင်များရှိပါက မြေနေရာကို အမည်ပေါက်ပိုင်ဆိုင်ခွင့်ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ချင်းပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်းများကို ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်မြို့တို့၌သာ လုပ်ဆောင်ရန် လျှောက်ထားမှုအများဆုံးဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုံးဝဝင်ရောက်ခြင်းမရှိဘဲ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုမှာလည်း နည်းပါးလျက်ရှိပါတယ်။
မြေကိစ္စစိန်ခေါ်မှုရှိ
"ချင်းပြည်နယ်မှာ သဘာဝကိုအခြေခံတဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းကို ဆောင်ရွက်မယ်ဆိုရင် အလားအလာကောင်းပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် မြေကိစ္စကတော့ စိန်ခေါ်မှုရှိတယ်။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်က ဟိုတယ်လုပ်ငန်းလုပ်ဖို့ မြေလျှောက်ထားတဲ့အခါ အစိုးရစီမံခန့်ခွဲတဲ့မြေဆိုရင်တော့ ကျွန်တော်တို့က ကာယကံရှင်ကိုအမည်ပေါက် မြေဂရန်ထုတ်ပေးဖို့ အစိုးရအနေနဲ့ ကြိုးစားနေတယ်" ဟု ချင်းပြည်နယ် ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ချင်းပြည်နယ်တွင် ဒေသခံများ တည်ထောင်ထားသည့်ကုမ္ပဏီ ၉၀ဝ ကျော်ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ဝင်ရောက်တာထက် တင်ဒါလုပ်ငန်းများမှာသာ ဝင်ရောက်လုပ်ကိုင်မှုများရှိနေခဲ့ကြောင်း၊ ချင်းပြည်နယ်အစိုးရ၏ ဖြေလျှော့ပေးသည့်သတင်းများကြောင့် လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလဆန်းမှ ဒီဇင်ဘာလဆန်းပိုင်းအထိ ကုမ္ပဏီ ၁၀ ခုဝန်းကျင်ဟာ ရင်းနှီးမြှုပ်နှံမှုများအတွက် လာရောက်ခဲ့ပါတယ်။
The Myanmar Times