မြန်မာ့သီးနှံများနှင့်ဖရဲသီး၊ သခွားသီးများတင်ပို့ရာ တရုတ်နယ်စပ် ကျင့်ခန်းကျောနယ်စပ်ပေါက်၌ တရုတ်ဘက်မှ စစ်ဆေးမှုများကြန့်ကြာနေသဖြင့် သစ်သီးတင်ကားစီးရေ ၅၀ဝခန့် ယာဉ်ကြောပိတ်ဆို့ကာ ဖရဲသီးများ ၃၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့ပြီး မြန်မာငွေ ကျပ်သိန်းပေါင်းတစ်သောင်းခန့်ရှိနိုင်ကြောင်း ခွာညိုသစ်သီး ပွဲရုံမှ ဦးစိုင်းခင်မောင်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောသည်။စစ်ဆေးမှုများကြန့်ကြာခြင်းကြောင့် မြန်မာဘက်ကလည်း ကျင့်စန်းကျော့နယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၂၇ ရက်က လုံခြုံရေးအရဟုဆိုကာ ပိတ်လိုက်သည့်အတွက် အခြားလမ်းပိုင်းမှ တင်ပို့နိုင်ရန် နှစ်နိုင်ငံညှိနိုင်းမှုဖြင့် ယာယီပိတ်ထားသည့် ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ပေါက်ကို ဖွင့်ပေးလိုက်သည်ဟုသိရသည်။
“စစ်ဆေးမှုကြန့်ကြာလို့ လမ်းမှာ ၄-၅ ရက်လောက်ကြာတော့ ဖရဲသီးပုပ်တာတွေများသွားပြီ။ ပျက်စီးမှုတန်ချိန် လေးထောင်ကျော်လောက်ရှိတယ်။ တစ်တန်ကို မြန်မာငွေကျပ် နှစ်သိန်းခွဲလောက်ရှိတယ်။ငွေပမာဏ က ကျပ်သိန်းပေါင်းတစ်သောင်းလောက်ပေါ့။ ဒီနေ့မှာ ဝမ်တိန်ပေါက် ဖွင့်ပေးလို့ ကားတွေရွှေ့သွားကြပြီ။ အကုန် ပျက်စီးမှုမရှိပေမယ့် ၃၀ ရာခိုင်နှုန်းလောက်ပျက်စီးတာပေါ့။အရင်ကတည်းက စစ်ဆေးမှုကြန့်ကြာလို့ ဆုံးရှုံးတာ။ အစိုးရက ပိတ်လိုက်လို့ နစ်နာတာမဟုတ်ဘူး။ ဒီဘက်က ပိတ်လိုက်လို့မဟုတ်ဘူး” ဟု ၎င်းကပြောသည်။
ကျင့်စန်းကျော့နယ်စပ်ပေါက်ပိတ်လိုက်သည့်အတွက် အခြားဝင်ပေါက်မှ သစ်သီးများတင်ပို့နိုင်ရန် အစိုးရ တာဝန်ရှိသူများ၊မူဆယ်ကုန်သည်ကြီးများအသင်းနှင့် သီးနံကုန်စည်ဒိုင်မှ တာဝန်ရှိသူများက တရုတ်ဘက်နှင့် ဒီဇင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းက သွားရောက်ညှိနိုင်းခဲ့ရာ နယ်စပ်မုခ်ဦး တည်ဆောက်နေသဖြင့်ခေတ္တပိတ်ထား သည့် ပန်ဆိုင်း-ဝမ်တိန်နယ်စပ်ဂိတ်မှ တည်ဆောက်ဆဲ မုခ်ဦးများဖျက်၍ ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)မှစတင်ပြီး ဝင်ခွင့်ရရှိပြီဖြစ်သည်။“သစ်သီးကုန်သည်နဲ့ တောင်သူတွေ ထိခိုက်မှု ကြီးမားတယ်။တရုတ်ဘက်က စစ်ဆေးမှုကြန့်ကြာတော့ လမ်း ပိတ်နေတာ။ အဓိကတော့ စစ်ဆေးမှုကြန့်ကြာတာက ပညာပြတာလို့ ယူဆလို့ရတယ်။ တစ်စီးမှ မဝင်နိုင်လို့ တစ်ခြားအပေါက်ကို ရှာရတယ်။ဝမ်တိမ်အပေါက်ကို တွေ့တော့ တောင်းဆိုညှိနှိုင်းတာ အဆင်ပြေသွားတယ်။ သူတို့လည်း တရုတ်အာဏာပိုင်တွေက လက်ခံတယ်။နှစ်နိုင်ငံ ချစ်ကြည်ရေးရှေးရှုပြီး ညတွင်းချင်းပဲ ကုန်တင်ကားတွေ သွားလို့ရအောင် လုပ်ပေးတယ်။”ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
ကျင်းခန်းကျော့နယ်စပ်ပေါက်မှာ တရားဝင် MoUလက်မှတ်ရေးထိုးထားသည့် နယ်စပ်ပေါက်မဟုတ်ဘဲ မြန်မာဘက်မှ လုံခြုံရေးအရဟု ဆိုကာ ပိတ်လိုက်ခြင်းဖြစ်ပြီး ပန်ဆိုင်း-ဝမ်တိမ်လမ်းပိုင်းမှာ တရားဝင် နယ်စပ်ပေါက်ဖြစ်သော်လည်း မုခ်ဦးတည်ဆောက်နေခြင်းကြောင့် ယာယီပိတ်ထားရာမှ ယခုကဲ့သို့ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။
Myanmar Time