တရုတ်နယ်စပ်မှ သဘာဝမြက်ဖျာများ ဝယ်ယူမှုများပြား


12 April, 2019

တရုတ်နယ်စပ်ဒေသများမှ ဈေးကောင်းပေးဝယ်ယူနေမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ညောင်ပင်သာအုပ်စု ကျေးရွာများတွင် ရက်လုပ်တဲ့ သဘာဝမြက်ဖျာများ အရောင်းသွက် ဈေးကောင်းရနေကြောင်း ညောင်ပင်သာကျေးရွာဒေသခံ မြက်ဖျာရက်လုပ်သူ ဒေါ်ခင်ဆွေဦးကေ ပြောပါတယ်။

ဝန်းသိုမြို့နယ်အတွင်း ကျေးရွာများတွင် ရက်လုပ်တဲ့ မြက်ဖျာများမှာ ဒေသတွင်း အလေ့ကျပေါက် မြက်ပင်များကို မိုးကုန်ရာသီမှာ ရိတ်သိမ်းအခြောက်လှန်းပြီး ယခုကဲ့သို့ ပွင့်လင်းရာသီမှာ ရက်လုပ်ရောင်းချခြင်း ဖြစ်ပါတယ်။

ယခင်ကာလများက ဝန်းသိုမြို့နယ်ဒေသထွက် မြက်ဖျာကို ပြည်တွင်းပြည်ပ ဈေးကွက်များက ဝယ်ယူမှုများပြားတဲ့အတွက် မြက်ဖျာရက်လုပ်ရောင်းချသူ များပြားခဲ့ပေမယ့်လည်း ယခုအခါ ပြည်တွင်းဈေးကွက်မှာ ဆိုင်တင်ရောင်းဝယ်မှုနဲ့ သုံးစွဲသူမရှိသလောက် ရှားပါးလာပြီး တရုတ်နယ်စပ်ဘက်မှ သဘာဝပစ္စည်းအဖြစ် ဝယ်ယူကြောင်းသိရပါတယ်။

မြက်ဖျာရက်လုပ်ရောင်းချသူ ဒေသခံတစ်ဦးက ပြည်တွင်းဈေးကွက်မှာ မြက်ဖျာက ဝယ်ယူသုံးစွဲသူနည်းပါးတဲ့အတွက် ရက်လုပ်ရောင်းချသူလည်း နည်းပါးလာပါတယ်။ ဒါပေမဲ့ ဝန်းသိုမြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုမှာတော့ မြက်ဖျာရက်လုပ်ရောင်းချသူ ၂၀ ဝန်းကျင်လောက်တော့ ရှိပါသေးတယ်။ ကချင်ပြည်နယ်ဘက်နဲ့ တရုတ်နယ်စပ်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချပါတယ်လို့ ပြောပါတယ်။

ဝန်းသိုနယ် ညောင်ပင်သာကျေးရွာ မြက်ဖျာရက်လုပ်ရောင်းချသူမှာ တစ်ရက်လျှင် မြက်ဖျာနှစ်ချပ်မှ သုံးချပ်အထိ ရက်လုပ်နိုင်ပြီး ယခုရက်ပိုင်း မြက်ဖျာတစ်ချပ်လျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၅၀ဝ၀ အထိ အရောင်းအဝယ်ဖြစ်နေပြီး သဘာဝကိုချစ်မြတ်နိုးသူများ ဝယ်ယူသုံးစွဲကြကြောင်း သိရပါတယ်။

Myanmar Times

Export, Import Read 877 times