တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရအကြား ကုန်စည်ဖလှယ်မှုအစီအစဉ် ဆောင်ရွက်သွားမည်


05 February, 2021

မြန်မာနိုင်ငံဘက်မှ ဆန်နှင့်ဆန်ကွဲတင်ပို့ပြီး တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာ၊ လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများ ပြန်လည်တင်သွင်းခြင်းကို တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရအကြား ကုန်စည်ဖလှယ်မှုအစီအစဉ်ဖြင့်  ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

“barter စနစ်အတွက် ဝန်ကြီးဌာနဘက်ကလည်း ကူမင်းပြည်သူ့အစိုးရနဲ့ညှိနှိုင်းပြီးတော့ MOU ထိုးဖို့လည်း သူတို့လုပ်နေတယ်” ဟု  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က  ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့လည်း ဒီကုန်စည်ဖလှယ်မှုစနစ်အတွက် mou ရေးထိုးနိုင်ရေးကို ယခုလအတွင်း အပြီးသတ်လုပ်ဆောင်နိုင်ရေးအတွက် စီစဉ်လျက်ရှိပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ကုန်သည်/ စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများက The 2nd China Myanmar Economic Corridor Forum သို့ တက်ရောက်စဉ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ကူမင်းမြို့အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အလွတ်သဘောတွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန်တန်ချိန် (၁)သိန်း တင်ပို့ခွင့် ရရှိခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကိုတာစနစ်ဖြင့် တန်ချိန် (၂) သိန်းအထိ တင်ပို့ထားပြီးဖြစ်သလို ယခုနှစ်အတွက် တန်ချိန် (၄) သိန်းအထိ တင်ပို့နိုင်ရန် စီစဉ်နေပါတယ်။

တရုတ်နိုင်ငံကို ဆန်တင်ပို့ရာတွင် တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်းမှ အဓိက တင်ပို့နေခြင်းပြီး မြန်မာနိုင်ငံဘက်မှ ဆန်နှင့် ဆန်ကွဲကို တရားဝင်တင်ပို့နေပါတယ်။

BE NEWS

Myanmar Industry Directory

Export, Import Local News Read 728 times