တရုတ်နိုင်ငံက ခရစ်ပ်တိုငွေကြေး တရားမဝင်ဟု ထပ်မံကြေညာ


25 September, 2021

တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ခရစ်ပ်တိုငွေကြေးဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရက ဘစ်ကွိုင်နဲ့ အလားတူ ငွေကြေးမျိုးတွေအပေါ် သံသယရှိတာ ကြာပါပြီ။ ၂၀၁၉ ခုနှစ်မှာ ရောင်းဝယ်ခြင်းများကို တရားဝင် ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေလဲတဲ့နေရာတွေကနေတစ်ဆင့် ဆက်လက်သုံးစွဲလို့ ရနေပါတယ်။ အခုတော့ People's Bank of China က ခရစ်ပ်တိုငွေကြေး အားလုံးကို အရောင်းအဝယ် လုပ်တာ တရားမဝင်ဘူး။ ဉပဒေချိုးဖောက်ခြင်းလို့ ကြေညာခဲ့ပါတယ်။ 

ဘစ်ကွိုင်ငွေကြေး နှီးနွှယ်တဲ့ လုပ်ငန်းလုပ်ဆောင်မှုများဟာ ဉပဒေချိုးဖောက်တဲ့ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများ ဖြစ်ပြီး လူအများရဲ့ တန်ဖိုးရှိပစ္စည်းပိုင်ဆိုင်မှုများ လုံခြုံရေးကို အပြင်းအထန် အန္တရာယ်ပြုနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

အခုလို ကြေညာချက် ထုတ်ပြန်ထားလိုက်ပြီ ဖြစ်တဲ့အတွက် ခရစ်ပ်တိုငွေကြေးနဲ့ ပတ်သက်တဲ့ လုပ်ကိုင်မှုအမျိုးမျိုးတို့ဟာ ရာဇဝတ်မှုမြောက်နေလို့ တရားစွဲဆိုခံရမှာ ဖြစ်ပြီး အပြစ်ဒဏ်စီရင်ခံရမှာ ဖြစ်ပါတယ်။ 
ပြည်တွင်းသာမက ပြည်ပဝဘ်ဆိုက်တွေက တရုတ်နိုင်ငံသားတွေကို ခရစ်ပ်တိုငွေကြေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှု ပေးရင်လည်း ဥပဒေချိုးဖောက်ရာ ရောက်ပါတယ်။

ယခုနှစ် မေလကစလို့ အစိုးရအာဏာပိုင်တွေက ခရစ်ပ်တိုငွေကြေး ဆက်လက်ရောင်းဝယ်နေကြတာကို သတိပေး ပြောကြားနေခဲ့ပြီး ရောင်းဝယ်နေကြသူတွေမှာ ဉပဒေအရ အကာအကွယ် မရရှိနိုင်ကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။ 
ဇွန်လမှာ ဘဏ်တွေနဲ့ ငွေပေးချေပလက်ဖောင်းတွေကို ခရစ်ပ်တိုငွေကြေး ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်း စတာတွေ မလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပြီး ခရစ်ပ်တိုငွေကြေး မိုင်းတူးတာကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ 

လာမယ့် လပိုင်းအတွင်းမှာ မိုင်းတူးနေကြတောတွေ အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်ပါတယ်။ တရုတ်အစိုးရက တားမြစ်ထားပေမဲ့ တရုတ်နိုင်ငံမှာ ကြီးမားတဲ့  ခရစ်ပ်တိုငွေကြေးဈေးကွက်ကြီး ရှိနေပြီး မိုင်းတူးနေကြတာတွေလည်း ရှိပါတယ်။ 

သုံးစွဲပုံ သတ်သတ်မှတ်မှတ် ပြုထားသော ပေါင်းစည်းပတ်လမ်း  application-specific integrated circuit (ASIC)  လို့ ခေါ်တွင်တဲ့ တစ်မျိုတည်းသုံး ကွန်ပျူတာများဖြင့် ဘစ်ကွိုင် မိုင်းတူးတာတစ်မျိုးတည်းအတွက် ထုတ်လုပ်ထားတဲ့ ကွန်ပျူတာစက်တွေနဲ့ မိုင်းတူးတာကို တရုတ်ပြည်မှာ အကြီးအကျယ် လုပ်ကိုင်ကြပါတယ်။ တရုတ်ပြည်မှာ လျှပ်စစ်ဓာတ်အားခ သက်သာတဲ့အပြင် စက်ဆင်ဖို့ လိုအပ်တဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေလည်း ဈေးသက်သာတာကြောင့် ဖြစ်ပါတယ်။ 


ဘစ်ကွိုင် မိုင်းတူးနေတဲ့ ASIC စက်များ

ကင်းဘရစ်တက္ကသိုလ်မှ Bitcoin Electricity Consumption Index မှာ ခန့်မှန်းထားတာက ၂၀၂၁ ဧပြီလမှာ ကမ္ဘာ့ဘစ်ကွိုင်ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၄၆.၀၄% ကို တရုတ်ပြည်မှာ မိုင်းတူးပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ကာလတို ခရစ်ပ်တိုငွေကြေးအမျိုးအစားတွေ ဈေးထိုးကျသွားခဲ့ပြီး ဘစ်ကွိုင်က ၁၀ % ကျဆင်းခဲ့ပြီး ပေါင် ၁၅၀၀/ ဒေါ်လာ၂၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိပါတယ်။ ဈေးတွေ အတက်အကျ ဖြစ်နေတာက တစ်ကဏ္ဍဖြစ်ပြီး ရေရှည်မှာ တရားဝင်ငွေကြေးအဖြစ် ဆက်လက်ရပ်တည်နိုင်မှာလား ဆိုတာက မေးခွန်းတစ်ခု ဖြစ်ပါတယ်။ 
နောက်ထပ် မေးခွန်းတစ်ခုက အစိုးရတစ်ရပ်အနေဖြင့် ခရစ်ပ်တိုငွေကြေးများကို ၎င်းရဲ့ လူ့အဖွဲ့အစည်းမှ ဖယ်ကြဉ်ပစ်ဖို့ ထိထိရောက်ရောက် လုပ်နိုင်မှာလား ဖြစ်ပါတယ်။  ယခု တရုတ်အစိုးရရဲ့ အရေးယူဆောင်ရွက်ချက်ဟာ အဲဒီမေးခွန်းအတွက် အားစမ်းပွဲတစ်ရပ် ဖြစ်ပါတယ်။ 
 

Global News Banking & Loan Read 378 times