နွားကောင်ရေတစ်သန်း တရုတ်ပြည်သို့ တင်ပို့မည်


06 August, 2018

တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ကျွဲ၊ နွားကောင်ရေ တစ်သန်းခန့် တရားဝင်ဝယ်ယူရန် ကမ်းလှမ်းထားသည့်အတွက် တင်ပို့ရောင်းချရန် ဆောင်ရွက်လျက်ရှိကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားခဲ့ပါသည်။

" ကျွဲနွားတင်ပို့ရန် တရုတ်နိုင်ငံက ကျွဲ၊ နွား အကောင်ရေ တစ်သန်းခန့် လိုချင်တဲ့အတွက်ကြောင့် သူတို့နိုင်ငံအတွင်းမှာ တရားဝင် ကျွဲနွားတင်သွင်းရန်အတွက်ကို မူဆယ်မှာတစ်ခု သတ်မှတ်ပေးထားတယ်။ နောက်တစ်ခါ ဆစ်ဆောင်ပနားမှာ တစ်ခုသတ်မှတ်ပေးထားတယ်။ သတ်မှတ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ အဆိုပြုချက်အပေါ်မှာ မူတည်ပြိးတော့ တရားဝင်ရောင်းချနိုင်ရန်အတွက် ဆောင်ရွက်နေပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ်မှ ပြောကြားပါသည်။

ကျွဲ၊ နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ စီးပွားဖြစ် မွေးမြူရေးခြံများနှင့် တစ်ပိုင်တစ်နိုင်မွေးမြူထားသော ကျွဲ၊ နွားအရှင်များအား ပြည်တွင်းစားသုံးမှုနှင့် လုပ်ငန်းခွန် အသုံးပြုမှုကို မထိခိုက်စေဘဲ တည်ဆဲဥပဒေများနှင့်အညီ ပြည်ပသို့ တရားဝင်တင်ပို့ခွင် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျွဲ၊ နွားအရှင်များ ပြည်ပသို့တင်ပို့ရန်အတွက် တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက် လက်မှတ်ပေါင်းချုပ်ရရှိရန် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားခြင်း၊ ယာယီစုဆောင်းရပ်သို့ သယ်ဆောင်ခြင်း၊ စစ်ဆေးခံခြင်းနှင့် အတည်ပြု အမှတ်အသား (Micro Chip/Ear-Tag) ထည့်သွင်းမှုခံယူခြင်း၊ သယ်ဆောင်ရာလမ်းကြောင်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် ကြားစခန်းများတွင် စစ်ဆေးခံခြင်း၊ Animal Quarantine Station (AQS) တွင် စစ်ဆေးခံခြင်းနှင့် Animal Quarantine Certificate ရယူခြင်း၊ နယ်စပ်စခန်းရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးသော စာရွက်စာတမ်း အထောက်အထားများကို ပြန်လည်အပ်နှံခြင်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရမည်ဖြစ်သည်။

နွားဈေး

******

ယခင် နွားတစ်ရှဉ်း (ခိုင်းနွားနှစ်ကောင်) လျှင် ကျပ် ၁၅ သိန်းခန့်သာ ပေါက်ဈေးရှိသော်လည်း ပြည်ပသို့ ကျွဲနွားအရှင်တင်ပို့ခွင့်ပြုပြီး နောက်ပိုင်းတွင် နွားဝယ်ယူစုဆောင်းသူများပြားလာသည့်အတွက် ယခင်ထက် ဈေးနှုန်းသိသာစွာ မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။

ဥပမာအားဖြင့် လက်ရှိလျှင် ပခုက္ကူနယ်တစ်ဝိုက်တွင် ခိုင်းနွားတစ်ရှဉ်းလျှင် ကျပ်သိန်း ၃၀ မှ သိန်း ၄၀ ခန့်အထိ ပေါက်ဈေးရှိနေပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခိုင်းနွားလိုအပ်သူများနှင့် တောင်သူလုပ်ငန်း အဆင်မပြေမှုကြေင်း၊ ဝင်ငွေလျှော့ကျနေသည့် တောင်သူများ ခိုင်းနွားဝယ်ယူရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောပြချက်

*************************************

စိုက်ပျိုးရေးစက်ကိရိယာများ အပြည့်အဝတင်သွင်းမသုံးစွဲနိုင်ခင် ရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်စေရန် လယ်ယာတွင် အသုံးပြုနေသော ခိုင်းကျွဲ၊ ခိုင်းနွားများကို ပြင်ပသို့တင်ပို့ရောင်းချနေခြင်းအား ကန့်သတ်တားမြစ်ပေးရန် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းကြောင်းသိရပါသည်။

ခိုင်းကျွဲ၊ ခိုင်းနွားများ ထွန်ယက်စိုက်ပျိုးမှုနှင့် ထွန်စက်များနှင့် စိုက်ပျိုးမှုမှာ အကြမ်းအားဖြင့် ရွာတစ်ရွာမှာ အချိုးအားဖြင့် ၂၅ ချိုး တစ်ချိုးဖြစ်တာ လေ့လာတွေရှိရပါတယ်။ တစ်နည်းအားဖြင့် ၂၆ ဦးမှာ ၂၅ ဦးက ခိုင်းကျွဲ ခိုင်းနွားများနှင့် ထွန်ယက်ပြီး တစ်ဦးက ထွန်စက်တွေနဲ့ ထွန်ယက်စိုက်ပျိုးဆောင်ရွက်လျက်ရှိတာလေ့လာတွေ့ရှိရပါတယ်။ ယခုအခါ ခိုင်းကျွဲခိုင်းနွားတွေဟာ ပြည်ပကို မြောက်များစွာ အရပ်လေးဖက်ကနေ နေ့ညမပျက် တင်ပို့ရောင်းချနေတာ တွေ့မြင်နေရပါတယ်။ ခိုင်းကျွဲခိုင်းနွားတွေ ရောင်းချတာကြောင့် တောင်သူအများစုဟာ ကြိုတင်အချိန်ကိုက် ထွန်ယက်မှု ခက်ခဲလျက်ရှိပြီး ထွန်စက်တွေ ငှားရမ်းမှု နည်းပါးလျက်ရှိပါတယ်။ အထူးသဖြင့် ရေကြီးနစ်မြုပ်တဲ့ အချို့နေရာတွေမှာ ခိုင်းကျွဲ၊ ခိုင်းနွားတွေနဲ့ ထွန်ယက်နိုင်ပေမယ့် ခိုင်းကျွဲ၊ ခိုင်းနွားတွေ ရောင်းချလိုက်တဲ့အတွက် အချိန်မီ ထယ်ရေးထွန်ရေးမဝင်နိုင်ဘဲ မပြီးစီးကြောင်း ကြားသိရပါတယ်" ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်က ပြောကြားခဲ့ပါသည်။

Eleven

Export, Import Read 1551 times